မျိုးသုဉ်းရန်ရင်ဆိုင်နေရသော ငှက်ကြီးဝန်ပိုမျိုးစိတ် အင်းတော်ကြီးကန်တွင် ကောင်ရေ ၁၆၀ ကျော် ဝင်ရောက်မျိုးပွားကျက်စားနေ

ရန်ကုန် ဩဂုတ် ၇

မြန်မာနိုင်ငံတွင် အကြီးဆုံးကန်ဖြစ်သော ကချင်ပြည်နယ် မိုးညှင်းခရိုင်ရှိ အင်းတော်ကြီးကန်၌ ရာသီအလိုက် ရေနစ်မြုပ်သော မြက်ခင်းပြင်များစွာရှိပြီး အင်းတော်ကြီးကန်ချိုင့်ဝှမ်းတစ်ခုလုံးတွင် သက်ရှိများ နေထိုင်ကျက်စားရန် အရေးပါဆုံးနေရာတစ်ခုအဖြစ် တည်ရှိလျက်ရှိရာ မိုးရာသီ၌ဒေသငှက်နှင့် ဆောင်းခိုလက်ကျန်ငှက်များအပြင် မျိုးသုဉ်းရန် ရင်ဆိုင်နေရသော ဒေသပြောင်းရွှေ့ငှက်ဖြစ်သည့် ငှက်ကြီးဝန်ပိုကောင်ရေ ၁၆၀ကျော် ဝင်ရောက် မျိုးပွားကျက်စားနေကြောင်း သိရသည်။

နှစ်စဉ်မှတ်တမ်းပြုစု

အင်းတော်ကြီးကန်တွင် ရေပျော်ငှက်စာရင်းကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် စတင်ကောက်ခံခဲ့ပြီး ဆောင်းခိုငှက်ဝင်ရောက်ကျက်စားမှု အလေ့အထကိုလည်း နှစ်စဉ်မှတ်တမ်းပြုစုခဲ့ကာ ဒေသသစ်တော ငှက်စာရင်းကို ယခုနှစ်တွင် လစဉ်စာရင်း ကောက်ခံလျက်ရှိသည်။ ၂၀၂၂ ခုနှစ်ဩဂုတ်လ၌ ရေပျော်ငှက်ဖြစ်သော ဆောင်းခိုငှက်ရှစ်မျိုးတွင် ကောင်ရေ ၂၄၀ ခန့် ပြောင်းရွှေ့မှုမရှိဘဲ ကျန်ရစ်ခဲ့ပြီး ရေပျော်ဌာနေငှက်မျိုးစိတ် ၂၀ ၌ ကောင်ရေ ၁၆၁၂ ကောင်နေထိုင်လျက်ရှိကာ သစ်တောငှက်မျိုးစိတ် ၅၄ မျိုးတွင် ကောင်ရေ ၇၄၆ ကောင် ကျက်စားလျက်ရှိသည်။ မျိုးသုဉ်းရန်ရင်ဆိုင်နေရသည့် ငှက်များတွင် ပါဝင်သော ငှက်ကြီးဝန်ပိုနှင့် ဗောင်တုတ်၊ ခရုတုတ်၊ ချုံတိုးဗျိုင်း၊ တလိုင်းလေး၊ ပလိုဗာ၊ လင်းဝက်နှင့် မြစ်တွေးငှက်တို့ အင်းတော်ကြီးကန်တွင် ကျက်စား လျက်ရှိ၍ ယမန်နှစ်ဇန်နဝါရီလ၌ ဆောင်းခိုငှက်နှင့် ရေပျော်ငှက်ကောင်ရေ ၃၂၀၀၀ ကျော်နှင့် ယခုနှစ် ဇန်နဝါရီလတွင် ကောင်ရေ ၂၆၀၀၀ ကျော် ဝင်ရောက် ကျက်စားခဲ့သည်။

အင်းတော်ကြီးကန်အား ရမ်ဆာရေဝပ်ဒေသအဖြစ် စံသတ်မှတ်ချက်တွင် နှစ်စဉ်ဆောင်းခိုငှက်ကောင်ရေ ၂၀၀၀၀ အထက် ဝင်ရောက်ကျက်စားသော ထူးခြားသည့် ရေဝပ်ဒေသအဖြစ် သတ်မှတ်ခံထားရခြင်းဖြစ်ပြီး ဝင်ရောက်ကျက်စားသော ရေပျော်ငှက်တို့တွင် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန် ရင်ဆိုင်နေရသော ငှက်များ၏ တစ်ရာခိုင်နှုန်း နှစ်စဉ်ဝင်ရောက်ကျက်စားမှုကြောင့် ကမ္ဘာက မြန်မာနိုင်ငံရှိ အင်းတော်ကြီးကန်ကို အထူးစိတ်ဝင်စားခြင်းဖြစ်ရာ သားငှက်ထိန်းသိမ်းရေး၌ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုရလဒ်တို့ကို ထုတ်ဖော်ပြသနိုင်လျက်ရှိသည်။

ပြည်တွင်ခရီးသွားများအနေဖြင့် အင်းတော်ကန်ပြခန်းနှင့် ကန်အတွင်းရှိ စေတီတော်သို့ ဘုရားဖူးခရီးစဉ်အဖြစ် ဝင်ရောက်လေ့ရှိကာ နိုင်ငံခြားခရီးသွားများ အနေဖြင့် ဆောင်းခိုငှက်၊ ရေပျော်ငှက်၊ ဌာနေသစ် တောငှက်၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝတောတောင်အလှတို့ကို အထူးစိတ်ဝင်စားလေ့လာမှုကြောင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို အထောက်အပံ့ဖြစ်စေလျက်ရှိသည်။

“တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ရတာဟာ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့အလုပ်ပါ။ သူတို့အသက်ကို ကာကွယ်ရတာကြောင့် ဒေသခံအချို့ အမြင်မကြည်ပေမယ့် အသိပညာပေး ဆောင်ရွက်မှုနဲ့ စည်းရုံးနိုင်တာကြောင့် အင်းတော်ကြီးကန်ရေရည်တည်တံ့မှုနဲ့ ဒီဒေသဘာဝရပ်တည်ဖို့ ဘယ်အထိ အရေးပါတယ်ဆိုတာ သိလာကြပါပြီ။ ဒီဒေသမှရှိတဲ့ ငှက်မျိုးစိတ်၊ ငါးမျိုးစိတ်နဲ့ တောရိုင်းတိရစ္ဆာန်များဟာ အမျိုးသားရေးတစ်ရပ်အနေနဲ့ ဂုဏ်ယူစရာဖြစ်တယ် ဆိုတာ၊ ဒီငှက်တွေရှိလို့ ခရီးသွားလုပ်ငန်ကနေ ဝင်ငွေရှာဖွေပေးတယ်ဆိုတာကိုလည်း သိထားကြပါတယ်။ ဒီမိုးရာသီမှာ ဆောင်းခိုငှက် လက်ကျန်တွေ ရှိနေပြီးတော့ ငှက်ကြီးဝန်ပိုတွေလည်း သားပေါက်ကျက်စားနေပါတယ်”ဟု အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက ပြောသည်။

ဒေသစီးပွားရေး အကျိုးပြု

ဧရိယာ ၁၀၀ စတုန်ရန်းမိုင်ကျယ်ဝန်းသော အင်းတော်ကြီးကန်တွင် ငါးမျိုးစိတ် ၉၄ မျိုးရှိပြီး စီးပွားဖြစ်ငါးမျိုးစိတ် ၃၅ မျိုးဖြင့် ဒေသစီးပွားရေး ကိုအကျိုးပြုလျက်ရှိကာ ကမ္ဘာတွင်မရှိသော ငါးမျိုးစိတ်ဖြစ်သည့် မိကျောင်းသွားကြားထိုးတံငါးနှင့် ရေနယားငါးတို့ ဒေသမျိုးရင်းနှစ်မျိုး ရှင်သန်လျက်ရှိသည်။

ဖွံ့ဖြိုးတိုးတက်မှုလျင်မြန်လာခြင်း၊ သဘာဝအရင်းအမြစ်များကို ဝယ်လိုအားများလာခြင်းနှင့် တရားမဝင်လုပ်ဆောင်ခြင်း၊ အင်းတော်ကြီးကန် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲတို့အပေါ် ခြိမ်းခြောက်လာခြင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဝန်ဆောင်မှုနှင့် ဒေသခံပြည်သူတို့အတွက် ဝင်ငွေ ထိခိုက်စေနိုင်မှုမှန်သမျှ ဝိုင်းဝန်းကာကွယ်မှုအဖြစ် ဒေသခံနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ အင်းတော်ကြီးကန်ဘေးမဲ့တောမှ ကင်းလှည့်ဆောင်ရွက်ခြင်း၊ ပုံမှန်ပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ကန်ရေပြင်တိုင်းတာခြင်း၊ ငှက်စာရင်းကောက်ခြင်း၊ ငါးမျိုးစိတ်စာရင်းကောက်ယူခြင်းနှင့် ငါးထိန်းသိမ်းရေး ဇုန်လုပ်ငန်း ဆောင်ရွက်ခြင်းတို့ဖြင့် အင်းတော်ကြီးကန်ရေရှည်တည်တံ့ရေးကို ဆောင်ရွက်လျက်ရှိပြီး ယခုမိုးရာသီတွင် မျိုးသုဉ်းရန် အန္တရာယ်ရှိနေသော ဒေသပြောင်းရွှေ့ငှက်ဖြစ်သော ငှက်ကြီးဝန်ပိုကောင်ရေ ၁၆၀ ကျော် ဝင်ရောက်လျက် မျိုးပွားနေထိုင်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး၊ ညိမ်းသူ(သတင်းစဉ်)