မြို့တော်စိမ်းလန်းစိုပြည်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန်   ဒီဇင်ဘာ   ၁၇

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များသည် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းရှိ နာနတ်တော စည်ပင်သာယာရဲတပ်ဖွဲ့ လိုင်းခန်းသို့ ရောက်ရှိပြီး ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန်အမျိုးမျိုးတို့ကို ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ရောင်းချပေး နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီလမ်း၊ ပါရမီလမ်းဆုံမှ အင်းလျားကန် ဟိုတယ်လမ်းကြား လူသွားစင်္ကြံ ခင်းကျင်းပြီးစီးမှုနှင့် စင်္ကြံပေါ်တွင် မလွတ်ကင်းသည့် သစ်မြစ်ဆုံများ ဖယ်ရှားရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီလမ်း အင်းလျားကန်ပေါင်သို့ ရောက်ရှိကြပြီး New Day ဆီဆိုင်အနီး အကျယ် ၂၄ ပေ ပတ်လည်ရှိ အများပြည်သူသုံး သန့်စင်ခန်း ဆောက်လုပ်နေမှု၊ ကန်ပေါင်မှ အတက်အဆင်းလှေကား ပြုလုပ်ပြီးစီးမှု၊ ကန်ပေါင်အောက် ရေမြောင်းမှ ကမ္ဘာအေးစေတီလမ်း ရေမြောင်းသို့ ရေဝင်ပေါက် နေရာတွင် ရေစစ်ကန် တည်ဆောက်ထားမှု၊ ကန်ပေါင် တစ်လျှောက် စင်္ကြံလမ်းနှင့် အတက်အဆင်း လှေကားများ ပြုပြင်ထားမှု၊ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက် နေမှုနှင့် မြကျွန်းသာအနီး အများပြည်သူသုံးသန့်စင်ခန်း ဆောက်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး အင်းလျားကန်ပေါင်မှ ထွက်ရှိသည့် မြက်ပင်များ၊ သစ်ပင် အကိုင်းအခက်များနှင့် သစ်ရွက်ဆွေးများကို စွန့်ပစ်ခြင်းမပြုဘဲ EM Bokashi မြေဩဇာ ထုတ်လုပ်ရန်နှင့် သန့်စင်ခန်းများအနီး ဆောက်လုပ်ရေးလုပ်ငန်းမှ ကျန်ရှိသည့်အမှိုက်များ၊ အတားအဆီးများကို ဖယ်ရှားရှင်းလင်းရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အလုံမြို့နယ်၊ သခင်မြပန်းခြံသို့ သွားရောက်၍ စိမ်းလန်း စိုပြည်ရေးနှင့် မြေယာရှုခင်းများ ပြုပြင်ဆောင်ရွက်နေမှု၊ ပြည်သူများ အပန်းဖြေအနားယူနေမှု၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နေမှု၊ လမ်းမတော်မြို့နယ်၊ () ရပ်ကွက်၊ အောင်ရတနာလမ်း၊ ကျုံးကြီးမြောင်းနှင့် မော်တင်ယာယီစျေးရပ်ကွက်၊ ကမ်းနားလမ်းရှိ ရွာသစ်ချောင်း ရေထိန်းတံခါး မြစ်ထွက်ပေါက်အတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှု၊ ရေထိန်းတံခါးတွင် ရေစုပ်စက်တပ်ဆင်၍ ပြုပြင်ထိန်းသိမ်းကြံ့ခိုင်ရေး ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်းရှိ အမှတ်(၁၀) မြစ်ထွက်ပေါက်တွင် တစ်နာရီလျှင် ရေဂါလန် ၃၀၀၀၀၀ ထွက်ရှိသည့် မြင်းကောင်ရေ ၁၂၅ ကောင်အား၊ ကီလိုဝပ် ၉၀ ရေစုပ်စက် တပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်