မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် လမ်းများကောင်းမွန်ရေးလုပ်ငန်းများ ဒုတိယမြို့တော်ဝန် ဦးညီညီ ကွင်းဆင်းစစ်ဆေး

ရန်ကုန် မေ၂၉

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင် ဦးအောင်နိုင်၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ကြားတောရလမ်းနှင့် ရေတာရှည်လမ်းဟောင်းထောင့်သို့ သွားရောက်၍ ကြားတောရလမ်းရေမြောင်းနှင့် ရေတာရှည်လမ်းရေမြောင်းများအတွင်း ပိတ်ဆို့နုန်းအမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ပြည်လမ်းရှိ လှော်ကားရေဝေရေလဲဒေသသို့ သွားရောက်၍ ယခုနှစ်မိုးရာသီအတွင်း သစ်ပင်များ စိုက်ပျိုးရန် မြေပြုပြင်နေမှုနှင့် ပျိုးပင်များပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယမြို့တော်ဝန်က သစ်ပင်များစိုက်ပျိုးရာတွင် လျှပ်စစ်တာဝါတိုင်များနှင့် လွတ်ကင်းမှုရှိအောင် စီစဉ်ရန်မှာကြားပြီး ယခင်နှစ်က မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သည့် အပင်များရှင်သန်ကြီးထွားမှုကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယခုနှစ်မိုးရာသီတွင် ကျွန်း၊ ပျဉ်ကတိုးနှင့် မဟော်ဂနီစသည့်  သစ်ပင်စုစုပေါင်း ၅၄၀၀၀ စိုက်ပျိုးရန် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ထိုမှတစ်ဆင့် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ခေမာသီလမ်းသို့သွားရောက်၍ Amphibious Excavator ယန္တရားယာဉ်ဖြင့် ရိုးလေးချောင်းအတွင်း အမှိုက်၊ နုန်း၊ ဒိုက်နှင့် ဗေဒါပင်များ ဆယ်ယူရှင်းလင်းနေမှုကိုလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ တိုးချဲ့ (ည)ရပ်ကွက်ပတ်လမ်းတွင် ကွန်ကရိခင်းရန် ပြုပြင်ဆောင်ရွက်နေမှုနှင့် တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းနှင့် သံသုမာလမ်းကြား မင်းရဲကျော်စွာလမ်းတွင် ကွန်ကရိခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
 

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက်၊ သံသုမာလမ်းနှင့် ရတနာလမ်းထောင့်တွင် ရေဂါလန် ၅ သောင်းဆံ့ မြေအောက်ရေစုကန် တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်မျာဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

သတင်းစဉ်