မိုးဦးကာလ ရေယာဉ်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်

နေပြည်တော် မေ ၂၉

 

မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုန်ရာသီအစ မိုးဦးကာလတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့နှင့်အတူ မြစ်ရေမြင့်တက်လာမည် ဖြစ်သည်။ မြစ်ရေတက်လာမှုပေါ် မူတည်၍ ရေယာဉ်များ အန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရန် လိုအပ်သော ရေလမ်းညွှန် အမှတ်အသားများကို ပြသထားမည်ဖြစ်သည်။ ရာသီဥတုဒဏ်ကြောင့် ရေလမ်းညွှန် အမှတ်အသားများ တစ်ခါတစ်ရံ ပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များ ဂရုပြုခုတ်မောင်းကြရန် လိုအပ်သည်။

 

ရေများကာလတွင် ရေလမ်းများအတွင်း ရေစီးသန်ခြင်းနှင့် ဝဲလှည့်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အပြင် မြစ်ရေတက်လာမှုကြောင့် ရေနည်းကာလတွင် ပေါ်ထွန်းခဲ့သော သောင်နှင့် ကျွန်းများ ရေမြုပ်၍ ရေမွှာပေါက် ဖြတ်လမ်းများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထို့ကြောင့် ရေအနက် မလုံလောက်သော ရေမွှာပေါက် ဖြတ်လမ်းများကို ဖြတ်သန်းခုတ်မောင်းခြင်း မပြုကြရန်နှင့် မိမိရေယာဉ်၏ စက်အားနှင့် ရေစီးနှုန်းကို ချင့်ချိန်၍ သတ်မှတ်ရေလမ်းအတိုင်းသာ သတိပြုခုတ်မောင်းရန် လိုအပ်သည်။

 

မြစ်ကူးတံတား ရေလမ်းများတွင် ရေယာဉ်များ ဝင်ရောက်ရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင် တြိဂံအမှတ်အသား ပြသထားပြီး၊ ညအခါ မီးစိမ်းထွန်း ပြသထားသည်။ မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင် ကြက်ခြေခတ်အမှတ်အသား ပြသထားပြီး ညအခါ မီးနီထွန်းပြသထားသည်။

 

ရေများကာလတွင် မြစ်ကူးတံတားကြီးများ၏ ရေလယ်တိုင် အုတ်ခုံများမှာ ရေမြုပ်နေပြီး ရေလယ်တိုင် (၂)တိုင်အကြားတွင် ရေစီးသန်သောကြောင့် ရေယာဉ်များ မြစ်ကူးတံတား ရေလမ်းကို ဖြတ်သန်းရာတွင် စက်နှင့် တက်မစနစ်များကို ကြိုတင်စစ်ဆေးပြီး၊ လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ဖြတ်သန်းခုတ်မောင်းကြရန်နှင့် တံတားရေလမ်းကို ဖြတ်သန်းရာတွင် ရေယာဉ်(၂)စီး ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုကြရန် လိုအပ်သည်။ အထူးသဖြင့် သယ်ဆောင်ဝန်နှင့် စက်အားကို ချင့်ချိန်တွက်ဆ၍ ဂရုပြုခုတ်မောင်းကြရမည် ဖြစ်သည်။ မနိုင်ဝန်ကို သယ်ဆောင်ခြင်း မပြုကြရန်နှင့် မြစ်ကူးတံတားကြီးများကို ဖြတ်သန်းရာတွင် တွဲတစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရမည် ဖြစ်ပါသည်။

 

ရာသီဥတု ပြောင်းလဲမှုကြောင့် ရုတ်တရက် လေပြင်းတိုက်ခတ်မှုနှင့် မိုးမှောင်ကျမှုဖြစ်ပေါ်သည့်အခါ ရေယာဉ်များ အန္တရာယ်မဖြစ်စေရေးအတွက် သတိပြု ခုတ်မောင်းကြရန်နှင့် လေပြင်းတိုက်ခတ်စဉ် ရေယာဉ်များ လိုက်နာရမည့် ဥပဒေ၊ စည်းကမ်းချက်များအတိုင်း လိုက်နာကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားသည်။

 

သတင်းစဉ်