မိုးယွန်းကြီးရေလှောင်ကန် ရေပိုလွှဲတည်ဆောက်ရေးလုပ်ငန်းခွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ကြည့်ရှုစစ်ဆေး

နေပြည်တော် ၊ ဇန်နဝါရီ ၂၆

 

သုတေသနပညာရှင်များ၊ စိုက်ပျိုးရေးပညာရှင်များနှင့် တွေ့ဆုံပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန(VFRDC)တွင် ကျင်းပသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ဟင်းသီးဟင်းရွက် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှုတွင် လိုအပ်လျက်ရှိသည့် အရည်အသွေး ပိုမိုကောင်းမွန်သော မျိုးစေ့ပျိုးပင်များ ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီနည်းစနစ်များ အသုံးပြု၍ ရာသီအလိုက် ရေမြေဒေသအလိုက် အရည်အသွေးမြင့်သီးနှံများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ အလားတူ သီးနှံအလိုက် ထုတ်လုပ်မှုအရည်အသွေးနှင့် အထွက်နှုန်းအပေါ် သက်ရောက်သည့် စိုက်ပျိုးမှုစနစ်ဆိုင်ရာ အသုံးချသုတေသနများ တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံများသည် အရေးကြီးသော တန်ဖိုးမြှင့် စားသောက်ကုန်အဖြစ် ထုတ်လုပ်နိုင်သည့် သီးနှံအုပ်စုဖြစ်သဖြင့် မိမိတို့နိုင်ငံ၏ မတူညီသည့် ရာသီဥတုမျိုးစုံအား အခွင့်အရေးအဖြစ် အသုံးချပြီး သီးနှံအမယ်စုံ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ကို အခြေခံသော စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေရေး ထည့်သွင်းသုံးသပ် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏ ကျွမ်းကျင်မှုအရ ဆောင်ရွက်ချက်များသည် ထင်သာမြင်သာရှိသော စွမ်းဆောင်အောင်မြင်မှု ဖြစ်စေရေး ကြိုးပမ်း အားထုတ်ကြစေလိုကြောင်း ပြောကြားသည်။

 

ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေး ဗဟိုဌာန (VFRDC) အနေဖြင့် မျိုးကောင်းမျိုးသန့် ဟင်းသီးဟင်းရွက်မျိုးစေ့နှင့် သစ်သီးဝလံပျိုးပင်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များကို သုတေသနပြု ဖော်ထုတ်၍ တောင်သူပညာပေး ဆောင်ရွက်ခြင်း၊ သီးနှံထွက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် GAP နှင့် အော်ဂဲနစ် စံချိန်စံညွှန်းများ ရေးဆွဲသည့်လုပ်ငန်းများ၊ GAP Guideline ရေးဆွဲသည့် လုပ်ငန်းများနှင့် GAP ထောက်ခံချက် လက်မှတ်ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ အော်ဂဲနစ် သုတေသန လုပ်ငန်းများနှင့် အော်ဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ်ရေးဇုန်များ ထူထောင်စိုက်ပျိုးပြသခြင်း၊ GAP နှင့် အော်ဂဲနစ် စိုက်ပျိုးရေးစနစ်များ ပြန့်ပွားရေး ဆောင်ရွက်လျက်ရှိသကဲ့သို့  ပိုးမွှားရောဂါဒဏ်  ခံနိုင်သော  ဟင်းသီးဟင်းရွက်မျိုးများ မျိုးပွားမျိုးထိန်းခြင်း၊ ပိုးမွှားရောဂါ ဒဏ်ခံနိုင်သောမျိုးများ စုဆောင်းထားရှိခြင်း၊ သဘာဝမြေဩဇာများ၊ ရွက်ဖျန်းအားဆေးများ၏ အကျိုးသက်ရောက်မှုများအား သီးနှံများတွင် သုတေသနပြုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ  မိုးယွန်းကြီး ရေလှောင်ကန် ရေပိုလွှဲ တည်ဆောက်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

 

မိုးယွန်းကြီးရေလှောင်ကန်သို့ ဇောင်းတူ၊ ကိုဒူကွဲ၊ ရွှေလောင်း၊ စလူ၊ ဝါးကတုတ် ရေလှောင်တမံများမှ ရေကူဖြည့်တင်းပေးလျက်ရှိသကဲ့သို့ ဆင်စုချောင်း၊ ဘုရားလေးချောင်း၊ ဦးကောက်ချောင်း၊ ရွာသစ်ချောင်း၊ ဝမ်းဘဲအင်းချောင်း၊ ရေတာရှည်ချောင်းနှင့် ပျဉ်ပုံကြီးချောင်းတို့မှ စီးဝင်ရေများလည်းရှိနေရာ မိုးယွန်းကြီးကန်မှ တူးမြောင်းအတွင်းသို့ ရေထုတ်နုတ်ပါက ဝေါ နှင့် သနပ်ပင်မြို့များ၏ အနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှု ဖြစ်ပွားလေ့ရှိကြောင်း၊ ယခု ရေပိုလွှဲ တည်ဆောက်ပြီးစီးပါက မိုးယွန်းကြီးကန်မှ ရေထုတ်နုတ်မှုကို ထိန်းချုပ်ဆောင်ရွက်နိုင်မည်ဖြစ်၍ ဝေါနှင့် သနပ်ပင်မြို့များ ရေဝင်နစ်မြုပ်မှုမှ အထိုက်အလျောက် သက်သာစေမည် ဖြစ်ကြောင်း၊ အလားတူ ပဲခူးတိုင်းဒေသကြီးရှိ  ဝေါ၊ သနပ်ပင်နှင့် ကဝမြို့နယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရမ်းနှင့် သန်လျင်မြို့နယ်များရှိ နွေစပါးစိုက် ဧရိယာအတွက် ရေပိုမို ပေးဝေနိုင်မည်ဖြစ်၍ နွေစပါးစိုက်ဧကများ တိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်