မကာအိုအပြည်ပြည်ဆိုင်ရာ နဂါးလှေလှော် ဖိတ်ခေါ်ပြိုင်ပွဲတွင် လက်ရွေးစင် အမျိုးသမီး လှေလှော်အသင်း ငွေတံဆိပ်ရရှိ

ရန်ကုန် ၈ ဇွန်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအို၌ ဇွန် ၇ ရက်က ကျင်းပခဲ့သော မကာအို အပြည်ပြည်ဆိုင်ရာ နဂါးလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် အမျိုးသမီး လှေလှော်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငွေတံဆိပ်ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် အမျိုးသမီးလှေလှော်အသင်းသည် အမျိးသမီးမီတာ ၅၀ဝ တက် (၂၀) ပြိုင်ပွဲ တစ်ခုတည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမလက်ရည်စစ်အောင်မြင်ပြီး အင်းအားကြီး တရုတ်အသင်းနှင့် ထိုင်းအသင်းများကို ကျော်ဖြတ်ကာ ပထမအဆင့်ဖြင့် ပန်းဝင်ခဲ့ကာ ဖိုင်နယ်အဆင့် သို့ တက်ရောက်ပြီး ဗိုလ်လုပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

အဆိုပါအမျိုးသမီး မီတာ(၅၀ဝ)တက် ၂၀ ပြိုင်ပွဲ ဗိုလ်လုပွဲကို ဆက်လက်ယှဉ်ပြိုင်ကြရာ ပထမ တရုတ်အမျိုးသမီးအသင်းက စံချိန် ၂ မိနစ် ဝ၃ ဒသမ ၄၃၉ စက္ကန့်ဖြင့်(ပထမ) ရွှေတံဆိပ်နှင့် ဆုငွေ အမေရိကန်ဒေါ်လာ (၁၀ဝ၀ဝ)၊  မြန်မာ့လက်ရွေးစင် လှေလှော်အသင်းက စံချိန်  ၂ မိနစ် ဝ၃ ဒသမ ၅၆၁ စက္ကန့်ဖြင့် တစ်ဦးချင်း ဒုတိယဆုနှင့်ဆုငွေ အမေရိကန်ဒေါ်လာ ၅၀ဝ၀  ထိုင်းနိုင်ငံအသင်း စံချိန် ၂ မိနစ် ဝ၅ ဒသမ ၂၇၁ စက္ကန့်ဖြင့် တတိယကြေး တံဆိပ်ဆုနှင့် ဆုငွေအမေရိကန်ဒေါ်လာ ၃၀ဝ၀ တို့ အသီးသီးရရှိခဲ့ကြပြီး ၎င်းကောင်းပြိုင်ပွဲတွင် စင်ကာပူအသင်းက အဆင့်လေး မကာအိုအသင်းက အဆင့်ငါးနှင့် ဟောင်ကောင်အသင်းက အဆင့်ခြောက်တို့ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာလှေလှော် အမျိုးသမီးအသင်းသည် အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေသိန်း အုပ်ချုပ်သူဦးသက်လွင်၊ နည်းပြ ဦးဝင်းဖေနှင့် အားကစားသမား ၂၄ ဦးတို့သည် ယနေ့ ညနေ ၆ နာရီခွဲက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှကျောင်းသား ကျောင်းသူများ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ စခန်းဝင် လှေလှော်အားကစားမောင်/မယ်များ ကြိုဆိုနှုတ်ဆက်ကြသည်။ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အားကစားသမားများသည် ထိုင်းနိုင်ငံ ပတ္တယားမြို့တွင် ဇွန် ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် အရှေ့တောင်အာရှ အပြည်ပြည်ဆိုင်ရာလှေ သက်ငယ်တန်းနှင့်အလွတ်တန်း ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ - ဗလစိုး