မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ

၁၇  ဇူလိုင်

ခေါင်းကိုက်ခြင်းဟာ လူအတော်များများမှာ ကြုံတွေ့နေရတတ်တဲ့ အခြေအနေတစ်ခုပါ။ ခေါင်းအနည်းငယ်သာ ကိုက်ခြင်းကနေ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ထိခိုက်တဲ့အထိ ခေါင်းကိုက်နေခြင်းမျိုးတွေပါ ဖြစ်နိုင်ပါတယ်။ ဒီလို ခေါင်းကိုက်ဝေဒနာတွေကို ကုသပေးနိုင်မယ့် ခေါင်းကိုက်ပျောက်ဆေးတွေ အမျိုးမျိုးရှိနေသလို ခေါင်းကိုက်ခြင်းအတွက် သဘာဝ နည်းလမ်းတွေလည်း ရှိနေပါသေးတယ်။

 

(၁) ရေသောက်ပါ။ ရေဓာတ်မပြည့်ဝခြင်းကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ ရေဓာတ်မပြည့်ဝတာကြောင့် အာရုံမစူးစိုက်နိုင်တော့ဘဲ စိတ်ဂနာမငြိမ် ဖြစ်လာနိုင်တာမို့ ခေါင်းကိုက်ခြင်းကို ပိုဆိုးစေမှာပါ။ ဒါကြောင့် နေ့စဉ်နေ့တိုင်း ရေကိုလုံလောက်စွာ သောက်ပေးပါ။ ရေဓာတ်ပြည့်ဝတဲ့ အစားအစာတွေ၊ အသီးအနှံတွေလည်း စားပေးနိုင်ပါတယ်။

 

(၂) မဂ္ဂနီဆီယမ်သတ္တုဓာတ်မှီဝဲပါ။ မဂ္ဂနီဆီယမ်နည်းပါးခြင်းကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားရနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်သလို အာရုံကြောတွေအတွက် လည်းကောင်းပါတယ်။ ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ ဝမ်းလျှောတာမျိုး၊ အစာခြေပြဿနာရှိတာမျိုးတွေ ဖြစ်နိုင်တာကြောင့် စသောက်တဲ့အခါ ပမာဏ အနည်းငယ်ပဲ သောက်ပါ။

 

(၃) အရက်လျှော့သောက်ပါ။ အရက်သောက်ခြင်းကြောင့် သွေးကြောတွေကျယ်လာရာကနေ ခေါင်းကိုက်နိုင်ပါတယ်။ အရက်သောက်လို့ ဆီးများများသွားတဲ့အခါ ရေဓာတ်ဆုံးရှုံးတာကြောင့်လည်း ခေါင်းကိုက်နိုင်ပါသေးတယ်။

 

(၄) အိပ်ရေးဝပါစေ။ တစ်နေ့အိပ်ချိန် ၆ နာရီထက် နည်းသူတွေဟာ ခေါင်းမကြာခဏကိုက်တာကို တွေ့နိုင်ပါတယ်။ အိပ်ချိန်ဟာ ၈ နာရီမှ ၉ နာရီအကြားရှိ သင့်ပါတယ်။

 

(၅) ဟစ်စတာမင်းဓာတ် ပါဝင်တဲ့ အစားအစာတွေကို ရှောင်ပါ။ ဟစ်စတာမင်း ဓာတ်ဟာ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာလည်း ရှိပါတယ်။ ချိစ်၊ အချဉ်ဖောက်ထားတဲ့ ဒိန်ချဉ်လို အစားအစာမျိုး၊ ဘီယာ၊ ဝိုင်၊ ငါးကင်တွေဟာ ဟစ်စတာမင်းဓာတ်ပါတဲ့ ပြင်ပအစားတွေပါ။ ဟစ်စတာမင်းဟာ ခေါင်းကိုက်လွယ်ခြင်းကို ဖြစ်စေတာကြောင့် အထက်ပါအစားအစာတွေကို ရှောင်ပေးပါ။

 

(၆) ဗီတာမင်ဘီကို စုံလင်စွာ သောက်သုံးပါ။ ဗီတာမင်ဘီဝမ်း၊ တူး(B1 , B2 , B6 , B12)အစရှိတဲ့ ဗီတာမင်အရော အားဆေးတွေကို မှီဝဲပါ။ ရေမှာပျော်ဝင်တဲ့ ဗီတာမင် ဘီအစုအဝေးဟာ အာရုံကြောအတွက် အလွန်ကောင်းတာကြောင့် ခေါင်းကိုက်ခြင်းကို လျော့နည်းစေမှာပါ။

 

(၇) ရေခဲကပ်ပါ။ ခေါင်းကိုက်တဲ့အခါ ရေခဲကို အဆင်ပြေသလို ထုပ်ပိုးကာ ကိုက်ခဲတဲ့နေရာမှာ ညင်သာစွာ ကပ်ပေးပါ။ အရောင်သက်သာစေပြီး သွေးကြောကျဉ်းစေတာမို့ ဝေဒနာ သက်သာစေမှာပါ။

 

(၈) ကဖင်းဓာတ် – ကော်ဖီ၊ လက်ဖက်ရည် သောက်ပါ။ လက်ဖက်ရည်၊ ကော်ဖီမှာပါဝင်တဲ့ ကဖင်း ဓာတ်ဟာ စိတ်ကြည်လင်လန်းစေပြီး သွေးကြောတွေ ကျဉ်းစေပါတယ်။ ခေါင်းကိုက် ပျောက်ဆေးတွေရဲ့ အာနိသင်ကိုလည်း ပိုအစွမ်းထက်စေပါတယ်။ ကော်ဖီ၊ လက်ဖက်ရည် ရုတ်တရက်ဖြတ်လိုက်သူတွေမှာ ခေါင်းကိုက်ခြင်း ခံစားရတတ်ပါတယ်။

 

(၉) ယောဂပြုလုပ်ပါ။ ယောဂလေ့ကျင့်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေလို နာကျင်မှုတွေကိုလည်း သက်သာစေပါတယ်။ ကောင်းမွန်တဲ့ဘဝကိုလည်း ပေးစွမ်းနိုင်ပါတယ်။ နာတာရှည် ခေါင်းကိုက်ဝေဒနာ ကိုတောင် ယောဂလေ့ကျင့်ခြင်းနဲ့ သက်သာသွားစေပါတယ်။

 

(၁၀) ပြင်းထန်တဲ့ အနံ့တွေကို ရှောင်ပါ။ ရေမွှေးပြင်းပြင်းတွေ၊ စီးကရက်ငွေ့တွေ၊ အနံ့ပြင်းတဲ့ အစားအသောက်တွေဟာ ခေါင်းကိုက်စေနိုင်တာကြောင့် တတ်နိုင်သလောက် ရှောင်ရှားပါ။

 

(၁၁) နိုက်ထရိတ်၊ နိုက်ထရိုက်အစာတွေ ရှောင်ပါ။ ဟော့ဒေါ့၊ ဝက်အူချောင်းနဲ့ အသင့်စား ဝက်ပေါင်ခြောက်တွေ၊ ယိုးဒယားအကင်တွေဟာ ဘက်တီးရီးယား ပေါက်ပွားမှုကို အားပေးတာကြောင့် ခေါင်းကိုက်ဝေဒနာကို ခံစားရစေပါတယ်။

 

(၁၂) ဂျင်းဖျော်ရည်ငုံပါ။ ဂျင်းဟာ ဓာတ်တိုးပစ္စည်းတွေနဲ့ အရောင်သက်သာစေတဲ့အရာတွေ များစွာပါဝင်ပါတယ်။ ပျို့အန်ခြင်းကိုလည်း ကာကွယ်ပေးနိုင်တာမို့ မှီဝဲသင့်တဲ့ အရာပါ။

 

(၁၃) လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဟာ လွယ်ကူပြီး ရိုးရှင်းလှတဲ့ အလေ့အထပါ။ ခေါင်းကိုက်ခြင်းကို သက်သာရုံမကဘဲ ကျန်းမာရေးအတွက်လည်း အတော်အတန် အထောက်အကူပြုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 ရေးသားသူ Dr. Thiha Phyo Myint

 “ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်