၁၈ စက်တင်ဘာ
မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး စနစ်တကျရေးဆွဲထားတဲ့ ပူးပေါင်းဆောင်ရွက်မှု မူဘောင်တွေနဲ့အညီ အခြားအဖွဲ့ဝင် နိုင်ငံတွေနဲ့ တန်းတူပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ (ASEAN Free Trade Area-AFTA) ကို ၂၀၁၈ခုနှစ်မှာ ထူထောင်ခဲ့သလို ဆွေးနွေးဖက်နိုင်ငံ ခြောက်နိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့နဲ့လည်း ASEAN+1 လို့ခေါ်ဆိုနေကြတဲ့ အာဆီယံနဲ့ အပေါင်းတစ် လွတ်လပ်သောကုန်သွယ်မှုဒေသ ငါးခုကို ထူထောင်နိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံဟာလည်း အဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ ပူးပေါင်းပါဝင်နိုင်ခဲ့ပါတယ်။
ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု
ဒီ ASEAN+1 လွတ်လပ်သော ကုန်သွယ်မှုဒေသ ဆိုင်ရာနိုင်ငံတွေနဲ့ စီးပွားရေးပေါင်းစည်းမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုနက်နက်ရှိုင်းရှိုင်းဆောင်ရွက်ခြင်းကနေ အကျိုးကျေးဇူးတွေ ပိုမိုရရှိစေဖို့အတွက်နဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှုဒေသတစ်ခုမှာ အပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးများရရှိစေဖို့အတွက် ရည်ရွယ်ပြီး အဖွဲ့ဝင်နိုင်ငံအားလုံး ဒီထက်အကျိုးကျေးဇူးရရှိစေမယ့် ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်တဲ့ သဘောတူစာချုပ်တစ်ခု ပေါ်ပေါက်ဖို့ နိုင်ငံအားလုံးကဆန္ဒရှိခဲ့တာကြောင့် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့မှာ ကျင်းပခဲ့တဲ့ (၂၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partner-ship - RCEP) လို့ခေါ်တဲ့ RCEP စေ့စပ်ညှိနှိုင်းမှုများ စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
RCEP ကို လက်ရှိအကောင်အထည်ဖော်နေတဲ့ အာဆီယံနဲ့ တစ်နိုင်ငံချင်းစီ ချုပ်ဆိုခဲ့ကြတဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှုသဘောတူစာချုပ် (Free Trade Agreements- FTAs) တွေထက် ပိုမိုပြည့်စုံပြီး အရည်အသွေးမြင့်မားကာ အဖွဲ့ဝင်တွေအကြား အပြန်အလှန်အကျိုးရှိစေမယ့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ဖြစ်လာစေဖို့ ရည်ရွယ်ခဲ့သလို တစ်ဖက်မှာလည်း ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှုကို မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ကြပါတယ်။
ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၁၃ ခုနှစ်မှ စတင်ခဲ့တာဖြစ်ပေမယ့် ခြောက်နှစ်ကျော် ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် စာချုပ်ကိုပြီးပြတ်အောင် ညှိနှိုင်းဆွေးနွေးမှု မလုပ်နိုင်ခဲ့ပါဘူး။ အားလုံးသိတဲ့အတိုင်း ဒီနေ့ကမ္ဘာ့စီးပွားရေး ဇာတ်ခုံမှာက ကုန်သွယ်ရေးစစ်ပွဲပုံသဏ္ဌာန်တွေ၊ ကိုယ်ကျိုး စီးပွားကာကွယ်မှုတွေ၊ ကုန်သွယ်မှုမှာ အမျိုးသားရေးဝါဒ တွေကြီးစိုးနေလို့ ကမ္ဘာ့စီးပွားရေးအခြေအနေဟာ အရေးကြီး အခြေအနေတစ်ရပ်ကို ရောက်ရှိနေချိန်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုကို ပြန်လည်အားကောင်းလာနိုင်စေဖို့ လိုအပ်တာရယ်၊ တစ်ဖက်မှာလည်း ကမ္ဘာ့စီးပွားရေးမြင်ကွင်းမှာ အာဆီယံရဲ့ အရေးပါမှုနဲ့ အချက်အချာကျမှုကို ထိန်းသိမ်းပြသနိုင်စေဖို့ လိုအပ်နေတာ ရယ်တို့ကြောင့် RCEP ဆွေးနွေးညှိနှိုင်းမှုတွေကို ၂၀၁၉ ခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်ကြဖို့ ၂၀၁၉ ခုနှစ် ဇွန်လမှာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ကျင်းပခဲ့သည့် (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ နိုင်ငံ့ခေါင်းဆောင်တွေက ထပ်မံလမ်းညွှန်ခဲ့ပါတယ်။
မတူညီသော ဖွံ့ဖြိုးမှုအခြေအနေများကို ထည့်သွင်းစဉ်းစားပေးနေ
RCEP ကို ညှိနှိုင်းရာမှာ အဖွဲ့ဝင်အဖြစ်ပါဝင်မယ့် နိုင်ငံတွေရဲ့ မတူညီတဲ့ဖွံ့ဖြိုးမှု အခြေအနေတွေကို ထည့်သွင်း စဉ်းစားပြီး အားလုံးအကျုံးဝင်ခံစားနိုင်အောင် ညှိနှိုင်းဆောင်ရွက်ကြရပါတယ်။
လက်ရှိ ASEAN+1 လွတ်လပ်တဲ့ ကုန်သွယ်မှုဒေသ သဘောတူစာချုပ်တွေဖြစ်တဲ့ အာဆီယံ - ဂျပန်၊ အာဆီယံ - တရုတ်၊ အာဆီယံ - အိန္ဒိယ၊ အာဆီယံ - ကိုရီးယား၊ အာဆီယံ - ဩစတြေးလျ၊ နယူးဇီလန် စာချုပ်တွေမှာ ပေးထားပြီးဖြစ်တဲ့ အထူးနဲ့ခြားနား အခွင့်အရေးတွေအပြင် အခြားသင့်လျော်တဲ့ ဖြေလျှော့မှုပုံစံတွေနဲ့လည်း ထည့်သွင်းညှိနှိုင်းဆွေးနွေးကြရပါတယ်။ ဖွံ့ဖြိုးမှု နည်းပါးတဲ့ နိုင်ငံများကို ထပ်မံဖြေလျှော့မှုပေးထားတဲ့ (Additional Flexibility) ကို အသုံးပြုပြီး ညှိနှိုင်းလျက် ရှိပါတယ်။ မြန်မာနိုင်ငံ၊ က္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့အနေဖြင့် အချို့ကိစ္စတွေမှာ ကျန်တဲ့နိုင်ငံတွေအတိုင်း လိုက်ပါ ဆောင်ရွက်ဖို့ မလိုအပ်တာ သဘောတူထားတာရှိသလို၊ အချို့ကိစ္စကိုတော့ လိုက်နာဖို့အတွက် ပြင်ဆင်ချိန်ကို အတိုင်းအတာတစ်ခုအထိ ခွင့်ပြုပေးထားတဲ့ ဖြေလျှော့မှုပုံစံနဲ့လည်း ဆွေးနွေးညှိနှိုင်းလျက်ရှိပါတယ်။
RCEP မှာ ဈေးကွက်ဖွင့်လှစ်ပေးမှုနဲ့ နိုင်ငံတကာ ကုန်သွယ်မှုကို ပိုမိုရှင်းလင်းလွယ်ကူချောမွေ့စေအောင် ညှိနှိုင်းထားတာဖြစ်လို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ အနေနဲ့ ကမ္ဘာ့ကုန်စည်ထုတ်လုပ်မှု ဈေးကွက်အတွင်းဝင်ရောက်နိုင်မယ့် အခွင့်အလမ်းတွေ ပိုမိုရရှိလာနိုင်မှာလည်းဖြစ်ပါတယ်။ ကုန်စည်၊ ဝန်ဆောင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်တွေမှာ ဈေးကွက် ပိုမိုဖွင့်လှစ်ပေးထားတဲ့အတွက် ကုန်သွယ်ရေးအတားအဆီးများကို လျှော့ချပြီး အဖွဲ့ဝင်နိုင်ငံများကြားမှာလည်း ကုန်သွယ်ရေး နဲ့ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုပွင့်လင်းမြင်သာမှုရှိလာမှာ ဖြစ်ပါတယ်။
RCEP ဆွေးနွေးညှိနှိုင်းမှုမှာ မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ ဖွံ့ဖြိုးမှုနည်းပါးနေသေးတဲ့ နိုင်ငံများအုပ်စုမှာ ပါဝင်နေသေးတာကြောင့် အထူးနှင့်ခြားနားအခွင့်အရေးတွေ အပါအဝင် ထပ်မံဖြေလျှော့ပေးမှုတွေကို ရရှိထားပါတယ်။ ဆိုလိုတာကတော့ မိမိနိုင်ငံကလိုက်ပါ ဆောင်ရွက်နိုင်ဖို့ လိုအပ်နေသေးတဲ့ ကိစ္စရပ်များအနက် အချို့ကို ကင်းလွတ်ခွင့်ရရှိပြီး အချို့ကို ပြင်ဆင်ချိန်တွေရအောင် ညှိနှိုင်းရယူဆောင်ရွက်ထားပြီး ကျန်ကိစ္စရပ်များကိုတော့ အာဆီယံနိုင်ငံများ နည်းတူလိုက်ပါ ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဖက်မှာလည်းပဲ နည်းပညာ ဆိုင်ရာအကူအညီတွေရဖို့ စွမ်းဆောင်ရည်မြှင့်တင်ပေးရေးဆိုင်ရာ အစီအစဉ်တွေပါဝင်ဖို့ကို ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာမရှိသေးလို့ ပြဋ္ဌာန်းရန် လိုအပ်နေသေးတဲ့ ဥပဒေတွေကို ရေးဆွဲရာမှာပဲဖြစ်ဖြစ်၊ တည်ဆဲဥပဒေတွေကို ပြင်ဆင်ရာမှာပဲဖြစ်ဖြစ် RCEP မှာပါဝင်တဲ့ ကတိကဝတ်များနဲ့ အညီ လိုက်လျောညီထွေမှုရှိအောင် ထည့်သွင်းပြဋ္ဌာန်းနိုင်မှာဖြစ်ပြီး ဒေသတွင်းကတစ်ဆင့် ကမ္ဘာကိုမျှော်မှန်းပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရာမှာ လျော်ညီတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းရာမှာ အထောက်အကူပြုစေမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ RCEP မှာ ပါဝင်တဲ့အတွက် နိုင်ငံတကာအဆင့် စည်းမျဉ်းအခြေခံနိုင်ငံစုံ ကုန်သွယ်မှုစနစ်တွေမှာ အခြားအဖွဲ့ဝင်နိုင်ငံများနည်းတူ ပူးပေါင်းပါဝင်နိုင်မှာဖြစ်လို့ အင်အားကြီးနိုင်ငံအချို့၏ နိုင်ငံရေး၊ လူ့အခွင့်အရေးအကြောင်း အမျိုးမျိုးပြပြီး ကုန်သွယ်မှုပိတ်ပင်တာ၊ ရင်းနှီးမြှုပ်နှံမှုမပြုဖို့ တားမြစ်တာစတဲ့ မလိုလားအပ်တဲ့ ဆောင်ရွက်မှုတွေကနေ နိုင်ငံ့စီးပွားရေးအပေါ် ထိခိုက်မှုများကို ရှောင်ရှားနိုင်မှာလည်း ဖြစ်ပါတယ်။
RCEP သဘောတူစာချုပ်မှာ အဖွဲ့ဝင်အနေနဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံပါဝင်နေတဲ့အတွက် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါး ရှိတဲ့ဈေးကွက်ကို ကိုယ်စားပြုတာကြောင့် မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေအတွက် ကြီးမားတဲ့ဈေးကွက်ကို ရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်၊ စင်ကာပူ တို့လို နည်းပညာနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ အာရှနိုင်ငံ အများစု ပါဝင်တာကြောင့်လည်း သဘောတူစာချုပ်ရဲ့ စည်းမျဉ်း၊ စည်းကမ်းများနဲ့အညီ တာဝန်ခံမှု၊ တာဝန်ယူမှုရှိတဲ့ အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာမယ့် အခွင့်အလမ်း တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။
ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး အုပ်စုကြီးတစ်ခုဖြစ်လာရန်မျှော်မှန်းထား
RCEP သဘောတူစာချုပ်မှာပါဝင်တဲ့ နိုင်ငံ ၁၆ နိုင်ငံကို ကြည့်ရင် ၂၀၁၈ ခုနှစ် စာရင်းအရ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက် နီးပါးခန့် ၄၇ ဒသမ ၄ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပြီး ကမ္ဘာ့စီးပွားရေးရဲ့ ၃၂ ဒသမ၂ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၂၉ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရဲ့ ၃၂ ဒသမ ၅ ရာခိုင်နှုန်းကိုလည်း ကိုယ်စားပြုတာတွေ့ရမှာဖြစ်လို့ ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေး အုပ်စုကြီးများမှာ တစ်ခုအပါ အဝင်ဖြစ်လာစေရန် မျှော်မှန်းထားပါတယ်။ ဒီထက်ပြောရရင် တော့ RCEP ဟာ အဖွဲ့ဝင် ၁၆ နိုင်ငံနဲ့ပဲ ရပ်တန့်နေမယ့် စာချုပ်မဟုတ်ဘဲ အနာဂတ်၌ ချီလီ၊ ကနေဒါနဲ့ ဟောင်ကောင် တို့ကလည်း RCEP မှာ ပါဝင်လာဖို့ စိတ်ဝင်စားလျက်ရှိတာ တွေ့ရသလို အခြားစိတ်ဝင်စားတဲ့ နိုင်ငံများလည်း ရှိနေပါတယ်။
RCEP မှာပါဝင်တဲ့ နိုင်ငံအားလုံးက ကုန်သွယ်မှုပြုလုပ်နိုင်တဲ့ ကုန်စည်ရဲ့ ၉၂ ရာခိုင်နှုန်းကို အကောက်ခွန်ကင်းလွတ်ခွင့် ပြုကြရမှာဖြစ်ပေမယ့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့က ၈၆ ရာခိုင်နှုန်းကိုသာ အကောက်ခွန် ကင်းလွတ်ခွင့်ပြုဖို့ သဘောတူထားပါတယ်။ ဒါ့အပြင် စာချုပ်အသက်ဝင်မယ့်ချိန်မှာ ကျန်နိုင်ငံများက ကုန်စည်လိုင်း စုစုပေါင်းရဲ့ ၆၅ ရာခိုင်နှုန်းကို အခွန်ကင်းလွတ် ခွင့်ပြုရမှာဖြစ်ပေမယ့် မြန်မာနိုင်ငံအနေနဲ့ ၃၀ ရာခိုင်နှုန်းကိုသာ စတင်ပြီး အခွန်ကင်းလွတ် ခွင့်ပြုရမှာဖြစ်ပါတယ်။ ၁၀ နှစ်အကြာမှာ ကုန်စည်လိုင်း စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကို ကျန်တဲ့နိုင်ငံတွေက အခွန်ကင်းလွတ်ခွင့်ပြုရမှာဖြစ်ပေမယ့် မြန်မာနိုင်ငံက ၁၅ နှစ် အကြာမှ အခွန်ကင်းလွတ် ခွင့်ပြုရဖို့ ညှိနှိုင်းထားပါတယ်။
ဒါ့အပြင် RCEP အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေက ထုတ်ကုန်တွေဟာ RCEP ဒေသဈေးကွက်အတွင်း ဝင်ရောက်လာပြီး အကောက်ခွန်သက်သာခွင့်တွေ ရယူခံစားသွားမယ့် အခြေအနေတွေကို တားဆီးဖို့အတွက် RCEP အဖွဲ့ဝင်နိုင်ငံ အသီးသီးက ထုတ်လုပ်လိုက်တဲ့ ကုန်စည်တွေဖြစ်တဲ့ အကြောင်း သေချာစေမယ့် စည်းမျဉ်းသတ်မှတ်ချက်တွေကိုလည်း ရေးဆွဲပြုစုနေပါတယ်။ စည်းမျဉ်းတွေကို ပင်ရင်းနိုင်ငံ စည်းမျဉ်း (Rules of Origin) လို့ နိုင်ငံတကာ အခေါ်အဝေါ်အရ ဆိုပါတယ်။ စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိမှသာ အဖွဲ့ဝင်နိုင်ငံတစ်ခုကို တင်သွင်းလာတဲ့ ကုန်စည်က အကောက်ခွန် သက်သာကင်းလွတ်ခွင့် ခံစားရရှိမှာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံပါဝင်အကောင်အထည်ဖော်ဆောင် လျက်ရှိတဲ့ လွတ်လပ်သော ကုန်သွယ်မှုဒေသ(FTA) စာချုပ်တွေမှာတော့ ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း သက်သေအထောက်အထားအဖြစ် ကုန်တင်ပို့နိုင်ငံရဲ့ သက်ဆိုင်ရာအဖွဲ့အစည်းက စိစစ်ခွင့်ပြုထုတ်ပေးတဲ့ ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ် (ertificate of Origin-CO) ကို အသုံးပြု လျက်ရှိပြီး၊ ယခု RCEP မှာတော့ ဒီစနစ်သာမက ပို့ကုန် တင်ပို့သူက ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကိုယ်တိုင်ကြေညာ နိုင်တဲ့စနစ်(Self-Declaration System of Origin)ကိုပါ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်လို့ အဖွဲ့ဝင်နိုင်ငံတွေအကြား ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးကို များစွာ အထောက်အကူပြုစေမှာဖြစ်ပါတယ်။
ဒါ့အပြင် RCEP ရဲ့ ပင်ရင်းနိုင်ငံစည်းမျဉ်းများကို သတ်မှတ်ရာမှာ နိုင်ငံ ၁၆ နိုင်ငံက ပင်ရင်းကုန်ကြမ်းများနဲ့ ပေါင်းစပ်ထုတ်လုပ်တဲ့ ကုန်စည်များအတွက် စည်းမျဉ်းများကိုပါ ထည့်သွင်းသတ်မှတ်ထားတာကြောင့် ဒေသတွင်း တန်ဖိုးမြှင့် ထုတ်လုပ်မှုကွင်းဆက်ကို မြှင့်တင်ရာရောက်မယ့်အပြင် ဒီအခွင့်အလမ်းကို အသုံးချပြီး ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်နိုင်မှာဖြစ်လို့ RCEP အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကဲ့သို့သော ပထဝီအနေအထားအရ အချက်အချာ ကျတဲ့နိုင်ငံအနေနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ၏ အာရုံစူးစိုက်ရာ၊ မျက်စိကျစရာ နိုင်ငံတစ်နိုင်ငံအနေဖြင့် ပေါ်ထွန်းလာနိုင်သည့် အခွင့်အလမ်းကောင်းများကိုလည်း ထပ်လောင်း ရရှိမှာ ဖြစ်ပါတယ်။
မြန်မာ့ပို့ကုန်ကဏ္ဍ တိုးမြှင့်ဖို့ အခွင့်အလမ်းကောင်းတွေရရှိလာမှာဖြစ်
စီးပွားရေးအင်အားတောင့်တင်းတဲ့ အဖွဲ့ဝင်နိုင်ငံများက ဒီစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများကို အခြေခံပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်လာနိုင်မှာဖြစ်သလို မြန်မာနိုင်ငံနဲ့ အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းကောင်းများလည်း ရရှိမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံက အငယ်စား၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအနေနဲ့ အရည်အသွေးမြင့် ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွေ ပါဝင်တာ ကြောင့် နည်းပညာဆိုင်ရာအကူအညီတွေကို ထိထိရောက်ရောက် အသုံးချပြီး နိုင်ငံရဲ့ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးကို ကြိုးပမ်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းကောင်းတွေရရှိမှာ ဖြစ်ပါတယ်။ မြန်မာ့ထုတ်ကုန်များဟာ ဒေသတွင်းသာမက ကမ္ဘာ့ဈေးကွက်အတွင်းကို စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းကောင်းများ လည်းရရှိမှာ ဖြစ်ပါတယ်။ စည်းမျဉ်းအခြေခံနိုင်ငံစုံ ကုန်သွယ် မှုစနစ်အတွက် စိန်ခေါ်မှုများရှိနေချိန်လည်းဖြစ်လို့ RCEP လို ကမ္ဘာ့အကြီးဆုံးကုန်သွယ်မှုအဖွဲ့အစည်းတွင် ပါဝင်ခွင့်ရခြင်းဟာ မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်း တစ်ခုအဖြစ် ရှုမြင်နိုင်ပါတယ်။ နိုင်ငံရဲ့ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုစေနိုင်မယ်လို့ ယုံကြည်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
စောကလျာ(ရင်းနှီး/စီးပွား)