မက်ဆီ ဘာစီလိုနာတွင် ဆက်ရှိနေခြင်းအပေါ်ကျေနပ်မိကြောင်း  အာဂျင်တီးနားနည်းပြ ဆလာလိုနီဆို

၈  အောက်တိုဘာ

အာဂျင်တီးနားနည်းပြ ဆလာလိုနီက   အသင်းရဲ့ စူပါစတား မက်ဆီ   ဘာစီလိုနာ ကလပ်မှာ ဆက်လက်ကစားဖြစ်တဲ့ အပေါ် ပျော်ရွှင်မိကြောင်းဆိုပါတယ်။ မက်ဆီဟာ နွေဈေးကွက် အစောပိုင်းက ဘာစီလိုနာကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပြီး အသင်းလေ့ကျင့်ရေးကွင်းကိုတောင် လာရောက်ခဲ့ခြင်းမရှိခဲ့ပေမယ့် နောက်ပိုင်းတော့  ချုပ်ဆိုထားတဲ့ စာချုပ်ကြောင့် ဘာကာမှာ ဒီရာသီ ဆက်ရှိနေမယ်လို့ အတည်ပြုခဲ့ပါတယ်။

 

မက်ဆီက ဘာစီလိုနာအသင်းရဲ့ စီမံခန့်ခွဲမှုတွေ အပေါ် စိတ်ပျက်နေပြီး   ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက်   ဆရာဟောင်း ဂွါဒီယိုလာရှိရာ  မန်စီးတီးဆီ ပြောင်းရွှေ့ဖို့  ကြိုးပမ်းခဲ့တာဖြစ်ကြောင်း  သိရပါတယ်။ မက်ဆီက ဘာစီလိုနာအသင်းက သူ့အပေါ် ကတိမတည်ခဲ့ဘူးလို့ လူသိရှင်ကြား ပြောကြားခဲ့တဲ့အတွက်   ဘာစီလိုနာ ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆက်ဆံရေး မပြေမလည် ဖြစ်ခဲ့တာပါ။

 

ဒါပေမယ့် နည်းပြ ဆလာလိုနီက ကစားသမားတစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ ကစားခဲ့တဲ့ ကလပ်အသင်းမှာ အခြေကျပြီးသား ဖြစ်တာကြောင့် အခုလို ဘာစီလိုနာမှာ  ဆက်ရှိနေခြင်းက ခြေစွမ်းတည်ငြိမ်မှုကို အထောက်အပံ့ပြုတဲ့အတွက်  မက်ဆီရဲ့ ယခု ဆုံးဖြတ်ချက်အပေါ်  အပေါင်းလက္ခဏာဆောင်တယ်လို့  ရှုမြင်ထားကြောင်း ဆိုပါတယ်။  မက်ဆီဟာ ဘာစီလိုနာနည်းပြသစ် ကိုးမန်းလက်အောက်မှာ နောက်ချန် တိုက်စစ်မှူး အဖြစ် ပြောင်းလဲ ကစားနေရပေမယ့်  အာဂျင်တီးနား အသင်းအတွက်   ဗဟိုတိုက်စစ်နေရာမှာ ဆက်လက်အသုံးပြုမှာဖြစ်ကြောင်း ဆလာလိုနီက အတည်ပြုခဲ့ပါတယ်။

 

မေလဲ့သင်း