မျက်စိ ကျန်းမာရေးအတွက် အရေးပါတဲ့ Lutein ဓာတ်ကို ဘယ်ကရမလဲ

မျက်စိ အားကောင်းဖို့၊ မျက်စိကျန်းမာဖို့ဆိုတာ အခုလို ဒစ်ဂျစ်တယ်ခေတ်မှာ ပိုအရေးကြီးလာပြီနော်။ ဟိုးအရင်က မျက်စိအားကုန်စေတာ စာအုပ်နဲ့ တီဗီလောက်ပဲ ရှိခဲ့တာပါ။

 

အခုတော့ လက်ထဲ တောက်လျှောက်ကိုင်နေတဲ့ လက်ကိုင်ဖုန်းရယ်၊ တစ်နေကုန် ထိုင်ကြည့်နေရတဲ့ ကွန်ပျူတာရယ်၊ သွားရင်းလာရင်း ယူသွားကြည့်ရ၊ စာဖတ်ကြတဲ့ အိတ်ဆောင် ကွန်ပျူတာတွေ (Tablet ၊ Ipad သို့မဟုတ် Laptop) ရယ်။ နားနေတဲ့အချိန်မှာ တောင် ဒီစခရင်တွေနဲ့ မျက်နှာ မခွာနိုင်ကြပါဘူး။

 

ဒီတော့ မျက်စိ အားနည်းလာပါရောလား…

 

Lutein ဓာတ် ကို သိကြလား

 

Lutein နဲ့ zeaxanthin ဆိုတာ မျက်စိ ကျန်းမာရေးအတွက် အရေးပါတဲ့ ဓာတ် နှစ်မျိုးပါ။ လူသုံးများတဲ့ မျက်စိအားဆေးတွေမှာ ပါနေကျ ဓာတ်တွေပေါ့။ သူတို့က အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အရောင်အမျိုးမျိုး ဖြစ်စေတဲ့ ရောင်ခြယ်တွေ ဖြစ်ပါတယ်။

 

သူတို့နှစ်မျိုးလုံးက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ပြီး မျက်စိကျန်းမာရေးအပြင် သွေးတွင်းအဆီတွေကို ကျစေတာ၊ နှလုံးရောဂါ ကာကွယ်တာ၊ ခန္ဓာကိုယ်အတွက် တခြားကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိနိုင်ပါသေးတယ်။

 

ခန္ဓာကိုယ်မှာ Lutein ဓာတ်ကို ဒီအစားအစာ တွေကနေ ရရှိနိုင်ပါတယ် –

 

(၁) ကိုက်လန်

 

ဆေးဖက်ဝင်တဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေထဲ ကိုက်လန်က နာမည်ကြီးပါပဲ။ သူ့မှာ Lutein ဓာတ်ကြွယ်ဝတဲ့အပြင် ကယ်လ်စီယမ်၊ ဗီတာမင် စီ နဲ့ ဘီတာကယ်ရိုတင်း၊ ဗီတာမင် အေ၊ ဗီတာမင် ကေ နဲ့ အမျှင်ဓာတ်တွေ ပါဝင်မှု မြင့်မားပါတယ်။

 

(၂) ပြောင်းဖူး

 

အဝါရောင် ပြောင်းဖူးချိုချိုလေးတွေ မှာ Lutein နဲ့ ပိုတက်စီယမ် ကြွယ်ဝ တဲ့အပြင် အမျှင်ဓာတ်နဲ့ ဗီတာမင် ဘီတွေ ပါဝင်နေပါသေးတယ်။

 

(၃) ဟင်းနုနွယ်

 

နေ့စဉ်စားနေကျထဲ ပါဝင်လေ့ရှိတဲ့ အရွက်တစ်မျိုးပါပဲ။ ထူးထူးခြားခြား ရွေးပြီး စားဖို့ မလိုတော့ဘူးပေါ့။ ဟင်းနုနွယ်မှာ Lutein ပါဝင်မှုများသလို သံဓာတ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဗီတာမင် အေ၊ ဗီတာမင် စီ ၊ ဗီတာမင် ကေ နဲ့ အမျှင်ဓာတ်တွေလည်း မနည်းပါဘူး။

 

(၄) ရွှေဖရုံသီး

 

ရွှေဝါရောင် ဝင်းနေတဲ့ ရွှေဖရုံသီးရဲ့အသားမှာ Lutein ဓာတ် အပြည့်အဝ ပါဝင်တာပေါ့။ သူ့မှာလည်း ပိုတက်စီယမ် ကြွယ်ဝတာ တွေ့ရပါတယ်။

 

(၅) ကြက်ဥ အနှစ်

 

အများအားဖြင့် Lutein ဓာတ်ကို အသီးအရွက်တွေကနေ ရရှိတတ်ပေမယ့် သားသတ်လွတ် မဟုတ်တဲ့ တစ်ခုတည်းသော အရင်းအမြစ်က ကြက်ဥအနှစ်ပါပဲ။ ကြက်ဥအနှစ်ရဲ့ အရောင်လေး ဝါနေတာက Lutein ကြောင့်ပါတဲ့။

 

(၆) ကန်စွန်းဥ

 

ကန်စွန်းဥ မှာ Lutein အပြင် ဗီတာမင် အေ၊ ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ဗီတာမင် စီ နဲ့ အမျှင်ဓာတ်တွေ ပါဝင်နေပါတယ်။ အကုန်အကျ မများဘဲ အလွယ်ဝယ်ယူ စားလို့ရတဲ့ သဘာဝအရင်းအမြစ် တစ်ခုပါပဲ။

 

(၇) မုန်လာဥနီ

 

မုန်လာဥနီက မျက်စိအားကောင်းတယ် ဆိုတာက Lutein ကြွယ်ဝနေလို့ပါပဲ။ သူ့အပြင် ဗီတာမင် အေ၊ ဗီတာမင် စီ နဲ့ တခြား ဗီတာမင်တွေလည်း အများကြီးပါဝင်နေတာ ဖြစ်ပါတယ်။

 

(၈) ကညွတ်

 

ကညွတ် မှာ Lutein ကြွယ်ဝတဲ့အပြင် ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ် အပါအဝင် တခြားအာဟာရဓာတ်များစွာ ပါဝင်ပါတယ်။

 

ဒါ့ကြောင့် ဒီအစားအသောက်တွေကို နေ့စဉ်အာဟာရမှာ မကြာခဏ စားသုံးမယ်ဆိုရင် ငွေသိပ်မကုန်ရဘဲ မျက်စိအားကောင်းစေနိုင်ပါတယ်။

 

တကယ်လို့ မျက်စိ ဆရာဝန်ပြပြီး ညွှန်ကြားချက်အရ အားဆေးသောက်နေတယ်ဆိုလည်း တစ်ဖက်မှာဒါတွေ စားပေးလို့ရပါတယ်။ ကုသမှုကို ထိရောက်မှု ပိုကောင်းစေပြီး အချိန်တိုအတွင်း ရလဒ်သိသာလာနိုင်ပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ၊ ရေးသားသူ Yun Sandi Nan Mon

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”