မကွေး တက္ကသိုလ် အကြိမ် (၂၀)မြောက် ဘွဲ့နှင်းသဘင် ကျင်းပမည်

မကွေး ၂၄ ဇန်နဝါရီ

 

မကွေး တက္ကသိုလ်နှင့် ရေနံချောင်း ဒီဂရီကောလိပ်တို့မှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ၂၀၁၇ ခုနှစ် မေလတွင် ပြီးစီးခဲ့သော မဟာဝိဇ္ဇာ/သိပ္ပံ(ဘွဲ့)၊ မဟာဥပဒေ(ဘွဲ့)၊ မဟာသုတေသန(ဘွဲ့)၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော ဝိဇ္ဇာ/သိပ္ပံ(ဘွဲ့)၊ ဥပဒေ(ဘွဲ့)၊ ဝိဇ္ဇာ/သိပ္ပံ(ဂုဏ်ထူး)ဘွဲ့ စာမေးပွဲများကို အောင်မြင်ခဲ့ကြသူများအတွက် မကွေးတက္ကသိုလ်၏ အကြိမ် (၂၀)မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို အစမ်းလေ့ကျင့်ရက် အပါအဝင် ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၈ ရက်ထိ မကွေးတက္ကသိုလ် ဘက်စုံခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

 

ဘွဲ့နှင်းသဘင်သို့ တက်ရောက် ဘွဲ့ယူကြမည့်သူများသည် အစမ်းလေ့ကျင့်ပွဲနှင့် ဘွဲ့အပ်နှင်းသည့် ရက်များတွင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ဝတ်စားဆင်ယင်ကြရန်နှင့် သရုပ်ပျက် ဝတ်ဆင်လာသူများကို အစမ်းလေ့ကျင့်ပွဲ အပါအဝင် ဘွဲ့နှင်းသဘင် အခမ်းအနားသို့ လုံးဝတက်ရောက်ခွင့် မပြုကြောင်း၊ မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ(အမျိုးသား)တို့ကို အပြည့်အစုံ ဝတ်ဆင်၍ တက်ရောက်ရမည်ဖြစ်ကြောင်း၊ တက်ရောက်ဘွဲ့ လျှောက်ထားပြီး ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်ရန် ပျက်ကွက်သူများ၏ ဘွဲ့လက်မှတ်များကို ဘွဲ့အပ်နှင်းသည့် ရက်မှ နောက် (၆)လပြည့်သည့် အချိန်မှသာ ထုတ်ပေးမည်ဖြစ်ကြောင်း မကွေးတက္ကသိုလ် စာမေးပွဲနှင့် ဘွဲ့နှင်းဌာနမှ ကြေညာထားသည်။

 

 

MDN