မကောင်းမှု မပြုခြင်းသည် လည်းကောင်း

မေ ၂၃

 

မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုသည့် အဆိုအမိန့်သည် လူ့လောကအတွက် အလွန်ပင်သင့်မြတ်လှသော ဩဝါဒဟု ဆိုချင်သည်။ “ကောင်းတာလုပ်ကြစို့၊ မကောင်းတာ မလုပ် ကြစို့နှင့်၊ မိမိတို့၏စိတ်ကို ဖြူဖြူစင်စင်ဖြစ်အောင် မွေးမြူနေထိုင်ပါ” ဟုဆိုလျှင် ယေဘုယျအားဖြင့် အားလုံးသဘောတူကြမည်ထင်သည်။ မကောင်းမှုဆိုသည်များကိုသာ ရွေးချယ်ကာ တစိုက်မတ်မတ် လုပ်ချင်ကြသည့်သူ အချို့ကလွဲ၍ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာ ရာထူးကြီးငယ် အဆင့်အတန်းမရွေး နှစ်သက်သဘောကျမည့် အဆိုအမိန့်ပါပင်။

 

ကောင်းမှု၊ မကောင်းမှုဆိုသည်ကလည်း အခြေခံအားဖြင့် ကွဲပြားစရာမရှိ။ မြန်မာတို့၏ အစဉ်အလာ ယုံကြည်မှုထဲကဆိုရလျှင် ကာယကံမြောက် ကိုယ်ထိလက်ရောက် ပြုမူကျူးလွန်နိုင်သည့် မကောင်းမှု သုံးမျိုး၊ နှုတ်ဖြင့် ကျူးလွန်တတ်သည့် မကောင်းမှု လေးမျိုး၊ စိတ်ဖြင့် တွေးရင်းတောရင်း မှားယွင်းကျူးလွန်တတ်သည့် မကောင်းမှု သုံးမျိုး ရှိ၏။ ကာယ ဒုစရိုက်သုံးပါး၊ ၀စီဒုစရိုက် လေးပါး၊ မနော ဒုစရိုက် သုံးပါးဟူသည့် ဒုစရိုက်တရား ဆယ်ပါး။ အဆိုပါမကောင်းမှု ဆယ်ခုကိုရှောင်ကာ ထိုမကောင်းမှုနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် သုစရိုက် ဆယ်မျိုးကို ပြုမူဆောင်ရွက်သည်ဆိုလျှင် ရပေပြီ။

- သူတစ်ပါး၏ အသက်ကို သတ်ခြင်း။

 

- မိမိကို မပေးအပ်သည့် သူတစ်ပါး၏ ပစ္စည်းဥစ္စာကို ရယူခိုးယူခြင်း၊

 

- ကာမဂုဏ်တို့တွင် မှားယွင်းသည့်အကျင့်ကို ကျင့်ခြင်း။

 

ဤသုံးမျိုးက ကာယကံမြောက် ကျူးလွန်သည့် ကာယဒုစရိုက် သုံးပါး။

- မဟုတ်မမှန်သော လိမ်လည်ကောက်ကွေ့သော စကားကို ပြောဆိုခြင်း၊

 

- အခြားတစ်ပါးသူတို့အချင်းချင်းကြား မသင့်မတင့် ဖြစ်အောင် ကုန်းတိုက်သွေးခွဲစကားပြောခြင်း၊

 

- ရုန့်ရင်းကြမ်းတမ်းသော ဆဲရေးတိုင်းထွာသော ညစ်ညမ်း သောစကားတို့ကို ပြောဆိုခြင်း၊

- အကျိုးမရှိ အနှစ်မဲ့ သိမ်ဖျင်းသော စကားတို့ကို ပြောခြင်းတို့ က ၀စီဒုစရိုက်လေးပါး။

 

နှုတ်ဖြင့် ကျူးလွန်လေ့ရှိသည့် နှုတ်မှုဆိုင်ရာ မကောင်းမှု လေးမျိုးဟု ဆိုရမည်။

 

-သူတစ်ပါးပစ္စည်းကို “ငါ့ဟာဖြစ်လျှင်ကောင်းလေစွ”ဟု စိတ်ကူးထုတ် မတရားကြံစည်ခြင်း၊

 

- သူတစ်ပါးကို သေကျေပျက်စီး စေလိုခြင်း၊

 

- ကောင်းတာလုပ်လို့လည်း ကောင်းတာမဖြစ်ပါဘူး၊ မကောင်း တာတွေလုပ်လည်း ကောင်းချင်ကောင်းနေတာပဲ ဟူသည့် ကောင်းမှု မကောင်းမှု၏ အကျိုးဆက်ကို သံသယများပွားများခြင်း၊ စိတ်အတွေးအယူဖြစ်ခြင်း အစရှိသည်တို့က မနောဒုစရိုက် သုံးပါး။

 

ဤသို့ စိစစ်ကြည့်လျှင် ကာယကံမြောက် ကျူးလွန်ခြင်းဖြစ်သော သူတစ်ပါးအသက်ကို သတ်မှု၊ သူတစ်ပါးပစ္စည်းကို ခိုးမှု၊ မှားယွင်းသည့် ကာမဂုဏ်ကိစ္စပြုမှု စသည်တို့သည် အမှန်တော့ ဥပဒေအရလည်း တားမြစ်ထားပြီးဖြစ်၏။ ထိုအမှုများကို ကျူးလွန်သည်နှင့် ဥပဒေအရ အရေးယူခံရမည့် ဒုစရိုက်မှုများဖြစ်၏။

 

စိတ်အားဖြင့် ကျူးလွန်သည့် ဒုစရိုက်မှုမှာမူ သိမ်မွေ့၏။ အခြားသူတစ်ပါးက မိမိ၏ မနောကံ အပြစ်ကျူးလွန်မှုကို မသိနိုင်။ သို့သော်လည်း ဤသူတစ်ပါးအကျိုး ပျက်စီးရေးအတွက် အထူးတလည် အားထုတ်ကြိုးပမ်း စိတ်ကူးရသည့် ဒုစရိုက်မှုသည် မတွေးတောမိ မကြံစည်မိရုံမျှဖြင့် ရှောင်ကြဉ်ပြီး ဖြစ်သည်ကို သတိမူသင့်ပါသည်။

 

ဝစီဒုစရိုက်လေးပါးသည်ကား ကျူးလွန်သည်နှင့် တစ်ပြိုင်နက် လူမှုအဝန်းအဝိုင်းတွင်း၌ သိလွယ် ကြားလွယ်၊ မြင်လွယ်ဖြစ်ပါသည်။ ပွင့်လင်းမှုနှင့် ရိုင်းပျမှုတို့အကြား ရှိသောအလွှာမှာ ပါးလျားလွန်းလှသည် ဖြစ်သောကြောင့် သာမန်ပြောရိုး ပြောစဉ်များကိုပင် တိုင်းကာထွာကာ ဆဲကာရေးကာဖြင့် ပြောဆိုမိနေကြပေသည်။ ။

 

ရံခါဆိုသလို မည်သူတစ်ဦးတစ်ယောက်အတွက်မျှ အကျိုးကျေးဇူး မဖြစ်သည်များကို အားရပါးရ ပြောဆိုနေကြသည်လည်းရှိ၏။ မှန်လည်းမမှန်၊ ကြားရသူများလည်း အကျိုးမရှိဆိုသည့် သိမ်ဖျင်းသော စကားများနှင့်အတူ ရုန့်ရင်းဆဲရေး တိုင်းထွာခြင်းတို့ကလည်း မိုးမွှန်နေသည်ဟု ဆိုရလောက်အောင် လူမှုကွန်ရက်များတွင် တွေ့ရတတ်၏။ နှုတ်ကို စောင့်ထိန်းခြင်း၊ ကြားရသူတို့အတွက် အကျိုး ကျေးဇူးများစေမည့် စကားတို့ကို ပြောဆိုခြင်းက မကောင်းမှုကို ရှောင်ရှားပြီး ဖြစ်ချိမ့်သည်။

 

အချုပ်အားဖြင့်ဆိုရပါမူ လက်တွေ့ လူ့ဘဝက မကောင်းမှုကို ရှောင်ရန်လည်းမခက်၊ ကောင်းမှုကို ဆောင်ရန်လည်း ခက်လွန်းလှသည်မဟုတ်ဘဲ ရှောင်ကြဉ်မည်ဟု စိတ်ပိုင်းဖြတ်ထားနိုင်မှုက လူကြီး လူကောင်း စိတ်ဓာတ်၊ ယဉ်ကျေးသည့် စိတ်ဓာတ်၊ ကုသိုလ်ဖြစ်သည့် စိတ်ဓာတ်ဟု ဆိုချင်ပါသည်။

 

တစ်ဦးချင်း တစ်ဦးချင်းစီ၏ ကောင်းမွန်မှန်ကန်မှု ကောင်းမှုပြုခြင်းပေါ် တန်ဖိုးထားမှုတို့ကသာ လူ့လောက လူ့ဘ၀၏ ငြိမ်းချမ်းသာယာခြင်း အစစ်အမှန်ဆီသို့ သွားနိုင်မည့်လမ်းဖြစ်သည်ဟု ယုံကြည်ပါကြောင်း။ ။

 

မြန်မာ့အလင်း