မကွေးခရိုင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မကွေး  ဇူလိုင်  ၂၃

 

မကွေးခရိုင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မကွေးမြို့၊ အ.ထ.က(၁)ကျောင်း ပန်းဟေဝန်ခန်းမတွင် ကျင်းပြုလုပ်ခဲ့ရာ မကွေးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် မကွေးခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးမောင်ထူးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် မြန်မာ့ဂီတ၊ မြန်မာ့အကနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရာရောက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာသည့်အပြင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် အနုသုခုမဂီတပညာဖြင့် တတတ်တအား ပါဝင်လက်တွဲ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲတွင် မကွေးခရိုင်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မြို့နယ်အသီးသီးမှ ဝါသနာရှင်များ၊ ပညာရှင်များဖြင့် ခရိုင်အဆင့်ပြိုင်ပွဲအား ပဏာမယှဉ်ပြိုင်ရခြင်း ဖြစ်ပါ ကြောင်းနှင့် အမှန်တစ်ကယ်အရည်အချင်းရှိပြီး ခရိုင်ကိုယ်စားပြုမည့် ပညာရှင် ရွက်ပုန်းသီးများအား ရွေးချယ်ဖော်ထုတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြား သည်။

 

ထို့နောက် မကွေးခရိုင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ မကွေးခရိုင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအနေဖြင့် အခြေခံပညာအဆင့် အသက်(၁၀) နှစ်မှ (၁၅)နှစ်အထိ အမျိုးသမီးပင်တိုင်အကများဖြင့် မြို့နယ်အသီးသီးမှ ပြိုင်ပွဲဝင်များက ပါဝင်ယှဉ်ပြိုင်ကပြ ခဲ့ကြကြောင်း သိရသည်။   

ကိုစည်သူ(မကွေး)