မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၌ ကဆုန်လပြည့် နေ့ထူးနေ့မြတ်အခါသမယတွင် ဘုရားဖူး လာရောက်ကြသူများဖြင့် စည်ကားလျက်ရှိ

မကွေး၊ မေ ၃

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီးတွင် မေ ၃ ရက်၊ ယနေ့နံနက်ပိုင်းက ကဆုန်လပြည့် (ဗုဒ္ဓနေ့) နေ့ထူးနေ့မြတ် အခါသမယဖြစ်၍ ကုသိုလ်ကောင်းမှုပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများ၊ အန္တရာယ်ကင်း ပရိတ်ပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ကြသည့် ဝတ်ရွတ်ဖတ် ပူဇော်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ရပ်ဝေးရပ်နီးမှ ဘုရားဖူး လာရောက်ကြသည့် ပြည်သူများကို စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူများက လုံခြုံရေးနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖူးမြော်နိုင်ရန် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးထားပြီး စေတီတော်ရင်ပြင်တော်ရှိ မဟာဗောဓိညောင်ပင်၌ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်နိုင်ရေး စီစဉ်ဆောင်ရွက်‌ပေးထားသဖြင့် ဘုရားဖူးလာပြည်သူများအတွက် အဆင်ပြေလျက်ရှိသည်။  ယနေ့နံနက်ပိုင်းက မကွေးမြသလွန် စေတီတော်မြတ်ကြီးသို့ ဘုရားဖူးပြည်သူများ စည်ကားများပြားခဲ့သဖြင့် ဘုရားပန်းရောင်းချသူများ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။  
      
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )

 

mdn