မကွေး ဇွန် ၁၁
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၌ ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အထက(ခွဲ) ကန်သာ၌ ကျင်းပသည်။
ဦးစွာ အသိပညာပေးဟောပြောပွဲတွင် အထက (ခွဲ)ကန်သာမှ ဒေါ်ရီရီသန်း (အထက်တန်းပြ) ဆရာမကြီးက အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေးအကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက မူးယစ်ဆေးဝါး အမျိုးမျိုး၊ မူးယစ်ဆေးဝါးသမိုင်းကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေး သုံးစွဲရခြင်းအကြောင်းရင်းများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောသည်။
ထို့နောက် ကျောင်းသား ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၂၅၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


