မကွေးမြို့၌ ICT နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး Education Projects & Skills Competition - 2018 ပြိုင်ပွဲ ပြုလုပ်

၂၀၁၈ -၂၀၁၉ ပညာသင်နှစ်  Education Projects & Skills Competition -2018 ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက မကွေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ Education Project & Skills Competition -2018 ပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ICT နည်းပညာနှင့် ပတ်သက်ပြီး နိုင်ငံတကာနှင့်ယှဉ်ကာ စနစ်တကျ ကျွမ်းကျင်စွာ အသုံးပြုတတ်လာစေရေး၊  ICT နည်းပညာသုံးစွဲမှု ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ရာ  အလယ်တန်းဆင့်တွင်  “နွှဲပျော်ဆင်နွှဲ ကျောင်းစုံညီပွဲ” ခေါင်းစဉ်ဖြင့် Project ရေးဆွဲခြင်းအား လည်းကောင်း၊ မူလတန်းအဆင့်တွင် မေးခွန်းပေး၍လည်းကောင်း ပါဝင်ယှဉ်ပြိုင်ဖြေဆိုကြသည်။ 

 

 

ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၅)မြို့နယ်ရှိ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၈၄ ဦး၊ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၇၀ ဦး  စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၅၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော်တွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီးတွင် Education Projects & Skills Competition ကို  ပညာရေးဌာန အစီအစဉ်ဖြင့် ၂၀၁၅ ခုနှစ်က စတင်၍ နှစ်စဉ်ကျင်းပလာခဲ့ရာ ၂၀၁၈ ခုနှစ်တွင် နိုဝင်ဘာလ၌ ပထမအကြိမ် ကျင်းပခဲ့ပြီး ယခုကျင်းပမှုမှာ ဒုတိယအကြိမ်  ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

 

ဝေဖြိုးလေး(မကွေး)