မကွေးမြို့နယ်တွင် အရှိန်မထိန်းနိုင်သည့် ဆိုင်ကယ်မှ လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦးအား တိုက်မိ

နေပြည်တော် ၃  သြဂုတ် 


မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကွေး-နတ်မောက်ကားလမ်း မိုင်တိုင်အမှတ်(၈၂/၅-၆)ကြား ညောင်ကန်ကျေးရွာအနီးတွင် သြဂုတ်လ ၂ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန်က ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ညောင်ကန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အဆိုပါလမ်းအတိုင်း နတ်မောက်ဘက်မှ မကွေးဘက်သို့ ကန်သာရပ်ကွက်နေ ရာဇာမင်းဝေ(၁၉)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ အောင်လွင်မိုး(၂၀)နှစ် လိုက်ပါလာသော ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက် ၎င်းလမ်းအတိုင်း လားရာတူရှေ့မှ လမ်းလျှောက်နေသည့် ညောင်ကန်ကျေးရွာနေ ဦးဇော်မင်းသူ(၅၂)နှစ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိသဖြင့်(၃)ဦးစလုံးတွင် ဒဏ်ရာများရရှိခဲ့သည်။


ဖြစ်စဉ်နှင့် ပတ်သက်၍  ရာဇာမင်းဝေအား ညောင်ကန်နယ်မြေ ရဲစခန်းက အရေးယူထားကြောင်း သိရသည်။


MDN