မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မကွေး    ဇန်နဝါရီ    ၂၉

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ နေ့စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)ကို ဇန်နဝါရီ ၂၈ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးတင့်လွင်က “တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဝင်ရောက်လာသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit စစ်ဆေးခြင်းများ စစ်ဆေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးရှိ အောက်ဆီဂျင် စက်ရုံများအား အမြဲတမ်း အဆင့်သင့် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွန်ရန် လိုအပ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မဖြစ်ပေါ်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်စေလိုကြောင်း” ပြောကြား သည်။

ဆက်လက်၍ သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးတို့က ခရိုင်/မြို့နယ်များ တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အခြေအနေများ၊ တိုင်းဒေသကြီးရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ထိုးနှံပေးမည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ဒုတိယဦးစီးမှူးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျှော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက်သွားကြရန် မှာကြား ခဲ့ကြောင်း သိရသည်။

မောင်ညီညာ