မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် နန်းဦးကျေးရွာရှိ စာသင်ကျောင်းမှ PDF အမည်ခံအကြမ်းဖက်သမားများ သိုဝှက် သိမ်းဆည်းထားသည့် လက်နက်နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

 

နေပြည်တော်၊ အောက်တိုဘာ ၁၄

 

နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်များနှင့် အကြမ်းဖက် လုပ်ဆောင်မှုများကို လက်ခံနိုင်ခြင်း မရှိသည့် ဒေသခံပြည်သူအချို့၏ လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့မှုအရ NUG၊ CRPH တို့၏ ဆက်သွယ်ညွှန်ကြားမှုဖြင့် မကွေးတိုင်း ဒေသကြီးအတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများသည် ရေစကြိုမြို့နယ် နန်းဦးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ခိုအောင်းနေထိုင်ပြီး လက်နက်၊ ခဲယမ်းများ သိုဝှက်သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နန်းဦးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းအတွင်းမှ PDF အမည်ခံ အကြမ်းဖက်သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်လုပ်သေနတ်အရှည် ၂၁ လက်၊ လက်လုပ်သေနတ်အတို တစ်လက်၊ လက်လုပ်အာပီဂျီ သုံးလက်၊ လက်လုပ်စိန်ပြောင်း ၁၇ လက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

 

PDF အမည်ခံ အကြမ်းဖက်သမားများသည် စစ်ရေးနှင့် မသက်ဆိုင်သော ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေးအတွက် အသုံးပြုနေသည့် စာသင်ကျောင်းများကို အသုံးချကာ ခိုအောင်းနေထိုင်ခြင်း၊ လက်နက်၊ ခဲယမ်းများ သိုဝှက်သိမ်းဆည်းခြင်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် ကျောင်းနေအရွယ် ကလေးငယ်များ၏ ပညာသင်ယူခွင့်ကို ထိခိုက်နစ်နာစေရုံသာမက ဒေသဖွံ့ဖြိုးရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် ပညာရည်မြင့်မားမှုကို ပိတ်ပင်ဖျက်ဆီးမှုဖြစ်သဖြင့် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ သိမ်းဆည်းရမိလက်နက်များနှင့် ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်