မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ပခုက္ကူမြို့နယ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများဖွင့်ပွဲသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်

ပခုက္ကူ ဇန်နဝါရီ ၂၅

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဝန်ကြီးများနှင့်အတူ ဇန်နဝါရီ ၂၄ ရက်က ပခုက္ကူမြို့နယ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများဖွင့်ပွဲသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် နံနက် ၁၁ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများများနှင့်အတူ ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာတွင် ဘက်စုံသုံး ဘေးဒဏ်ခံအဆောက်အဦ (Multi-Purpose Shelter) ဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ကွန်းရွာကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံကာ အဆောက်အဦအား စနစ်တကျအသုံးပြုရေးနှင့် ရေရှည်ခိုင်ခံ့စွာ အသုံးပြုနိုင်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန်တို့ကို လမ်းညွှန်မှာကြားပြီး အမှတ်တရလက်ဆောင်များ ပေးအပ်သည်။ 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးအတွင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲသို့ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အောက်ဆီဂျင်စက်ရုံ ပုံမှန်လည်ပတ် ထုတ်လုပ်ပေးနိုင်မှု အခြေအနေများ ကြည့်ရှုစစ်ဆေးပြီး အရေးပေါ်လူနာကုသဆောင်များ၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ သီးသန့်ကုသဆောင်၊ ကျောက်ကပ်တုသွေးသန့်စင်ခန်း၊ ခွဲစိတ်ကုသဆောင်နှင့် CCTV တပ်ဆင်ဆောင်ရွက်ထားမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက လိုက်လံရှင်းလင်းပြသသည်။ ဆက်လက်၍ ဝန်ကြီးချုပ် ဦးတင့်လွင်က ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)