မကွေးတိုင်းဒေသကြီးအတွင်း H1 N1 ဖြစ်ပွားသူ ၉ ဦးရှိပြီး တစ်ဦးသေဆုံး

မကွေး ၂၀ ဇူလိုင်     


မကွေးတိုင်းဒေသကြီးတွင် Seasonal Influenza ဓါတ်ခွဲအတည်ပြုချက်အရ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ ကိုးဦးရှိပြီး တစ်ဦးသေဆုံးခဲ့ကာ အောင်လံမြို့နယ်မှ ဖြစ်ပွားမှုများကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက သိရသည်။


၂၀၁၉ ခုနှစ် ဇူလိုင် ၁၇ ရက်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အတည်ပြု ထုတ်ပြန်ချက် စာရင်းဇယားအရ မြန်မာတစ်နိုင်ငံလုံးမှာ H1 N1 ဖြစ်ပွားမှုဦးရေ (၂၈၁)ယောက်ရှိပြီး မကွေးတိုင်းဒေသကြီးအတွင်းမှာ H1 N1 သံဒယရှိလူနာ ၁၉ ဦးထဲမှ ဓာတ်ခွဲစမ်းသပ်စစ်ဆေးသည့်အခါ ကိုးဦး (Seasonal Influenza A(H1N1) pdm09) တွေ့ရပြီး ရာသီတုပ်ကွေးဖြင့် တစ်ဦးသေဆုံးကြောင်း၊ ဖြစ်ပွားမှုများအရ အောင်လံမြို့နယ်တွင် ခြောက်ဦး၊ သရက်မြို့နယ်တွင် နှစ်ဦးနှင့် နတ်မောက်မြို့နယ်တွင် တစ်ဦးတို့ဖြစ်ခဲ့ကာ အောင်လံမြို့နယ်မှ အသက်(၉)နှစ်အရွယ် ကလေး(ကျား)တစ်ဦး သေဆုံးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက ပြောသည်။


"နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ် (၁၅)ခုမှာ ချင်းပြည်နယ်နဲ့ ရှမ်းအရှေ့ကလွဲ၍ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ အဖြစ်များတယ်။ ရန်ကုန်က ဖြစ်ပွားနှုန်းများတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စစ်ဆေးအတည်ပြုထုတ်ပြန်ချက် စာရင်းဇယားအရ သိရပါတယ်"ဟု ဒေါက်တာ ခင်မောင်သန်းက ပြောသည်။ 


အဆိုပါ(H1 N1)သည် influenza တုပ်ကွေးအနွယ်ဝင်ဖြစ်နေပြီး တုပ်ကွေးမိသည့်အခါ ဖြစ်နေကြအတိုင်း ချောင်းဆိုး၊ ဖျား၊ လည်ချောင်းနာ၊ နှာစေး၊ နှာရည်ယို၊ ကိုယ်လက်ကိုက်ခဲ၊ ခေါင်းကိုက်၊ စိမ့်ချမ်း၊ မောပန်းနွမ်းနယ်မှုများ ဖြစ်တတ်သည်။ ထို့အပြင် အခြားတုပ်ကွေးများကဲ့သို့ အဆုတ်ရောင်ခြင်း၊ အသက်ရှုရခက်ခြင်းတို့ ဖြစ်စေပြီး၊ သေဆုံးရသော အဓိကအကြောင်းအရင်းမှာ နူမိုးနီးယားဟု ခေါ်သည့် အဆုတ်ရောင်ရောဂါကြောင့် ဖြစ်ကြောင်း သိရသည်။


"လူနေထူထပ်တဲ့နေရာတွေရှောင်ကြဉ်ဖို့ သွားရရင်လည်း mask တွေ တပ်ထားကြဖို့လိုပါတယ်။ လက်ကနေတစ်ဆင့်လည်း ကူးစက်တာမို့ မကြာခဏ လက်ကို သေချာစွာဆေးကြောခြင်းများလည်း ပြုလုပ်ပေးသင့်ပါတယ်။ တုပ်ကွေးဖြစ်နေသူတွေကို ထိတွေ့ကိုင်တွယ်တာမျိုး၊ နီးနီးကပ်ကပ်နေတာမျိုးလည်း ရှောင်သင့်ပါတယ်၊ မရှောင်နိုင်ရင်လည်း နှာခေါင်းစည်း၊ လက်အိတ်သုံးတာမျိုးတွေ၊ ထိတွေ့မိတိုင်း လက်သေချာအောင် ဆေးကြောတာတွေ လုပ်ပေးဖို့လိုပါတယ်”ဟု ဒေါက်တာ ခင်မောင်သန်းက ပြောသည်။ 


နတ်မောက်၊ အောင်လံ၊ သရက်မြို့နယ်များတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ကျန်းမာရေးဌာန ဝန်ထမ်းများပူးပေါင်း၍ မြို့နယ်အတွင်း ရာသီတုပ်ကွေး (H1N1) အကြောင်း အသိပညာပေးခြင်း၊ Venyl များ ကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းလုပ်ငန်များ ဆောင်ရွက်ထားကြောင်း သိရှိရသည်။ 


မြန်မာတစ်နိုင်ငံလုံးမှာ H1 N1 ဖြစ်ပွားမှု ဦးရေ (၂၈၁)ယောက်ရှိကာ ၅၆ ဦး သေဆုံးခဲ့ပြီး ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှု အများဆုံးနှင့် သေဆုံးမှု အများဆုံးမှာ ရန်ကုန်တိုင်းဖြစ်ကြောင်း၊ အဆိုပါသေဆုံးသူများထဲမှ ၄၄ ဦးသည် H1 N1 အပြင် နာတာရှည်ရောဂါကြောင့် သေဆုံးမှုနှုန်း ၇၈ ဒသမ ၆ ရာခိုင်နှုန်းပါဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အတည်ပြုထုတ်ပြန်ချက် စာရင်းဇယားအရ သိရသည်။


သန်းနိုင်ဦး(ငဖဲ)