မကွေးတိုင်းဒေသကြီးအတွင်းရှိ လူငယ်များ အလုပ်အကိုင်ရရှိစေရေး ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော သက်မွေးပညာ ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်မည်

မကွေး ၆ ဧပြီ

 

မကွေးတိုင်းဒေသကြီး၌ ဒေသတွင်းလုပ်ငန်းရှင်များကိုယ်တိုင် သင်ရိုးညွှန်းတမ်းများရေးဆွဲပြီး ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသော အရည်အသွေးရှိ သက်မွေးပညာကျွမ်းကျင်မှုသင်တန်းများ ပို့ချနိုင်ရန်နှင့် ဒေသတွင်း သင်ရိုးညွန်းတမ်း ရေးဆွဲသူ ပညာရှင်များအဖွဲ့ ပေါ်ပေါက်လာစေရန်ရည်ရွယ်ကာ မြန်မာနိုင်ငံပုဂ္ဂလိက နည်းပညာနှင့် သက်မွေးပညာ သင်ကျောင်း လုပ်ငန်းရှင်များအသင်းနှင့် HELVETAS Myanmar တို့ ပူးပေါင်း၍ ကျွမ်းကျင်မှုအခြေပြု သင်ရိုးညွန်းတမ်း ရေးဆွဲခြင်း သင်တန်းကို မကွေးမြို့ ထိန်ထိန်သာဟိုတယ်တွင် ဧပြီ ၂ ရက် မှ စတင်၍ ဖွင့်လှစ်ပို့ချပေးလျှက်ရှိကြောင်း သိရသည်။

 

HELVETAS Myanmar မကွေးတိုင်းဒေသကြီး အလုပ်အကိုင်ကျွမ်းကျင်မှုစီမံကိန်း မန်နေဂျာ ဒေါ်ငြိမ်းငြိမ်းအိ က “မကွေးတိုင်းဒေသကြီးအတွင်း အသက်(၁၆)နှစ်မှ(၃၅)နှစ် အတွင်းရှိ လူငယ်အမျိုးသား၊ အမျိုးသမီး စုစုပေါင်း  (၁၅၀ဝ)ခန့်အား ကောင်းမွန်သော အလုပ်အကိုင်နှင့်ဝင်ငွေရရှိစေပြီး တာဝန်ယူမှုမြင့်မားလာစေရန် ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေက အလုပ်သမားလိုတယ်။ လူငယ်တွေက အလုပ်လိုတယ်။ လူငယ်တွေမှာ သင်တန်းတက်ပြီး သွားရောက်အလုပ်လျှောက်ထားရာမှ လုပ်ငန်းရှင်များအနေနဲ့ သူတို့လိုချင်သော ကျွမ်းကျင်မှုမျိုးမဟုတ်ဘူးလို့ ပြောလာပါတယ်။ ဒါကြောင့် အခုသင်တန်းမှာ လုပ်ငန်းရှင်တွေ လိုအပ်တဲ့ ကျွမ်းကျင်မှုမျိုးပါဝင်သည့် သင်ရိုးညွှန်းတမ်းများကို လုပ်ငန်းရှင်များ ကိုယ်တိုင်ထည့်သွင်းရေးဆွဲသွားမှာပါ” ဟု ပြောသည်။

 

 

အဆိုပါသင်ရိုးညွန်းတမ်းရေးဆွဲပြီးပါက အစိုးရ(သို့)ဒေသတွင်းလုပ်ငန်းရှင်များ(သို့) ပညာရပ်ဆိုင်ရာ ကျွမ်းကျင် သူများ (သို့)အခြားသော ဖွံ့ဖြိုးရေးဆောင်ရွက်နေသူများနှင့် ပူးပေါင်း၍ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော သက်မွေးပညာကျွမ်းကျင်မှုသင်တန်းများကို ၂၀၁၈ ခုနှစ် ဇူလှိုင်လတွင် စတင်ပို့ချသင်ကြားပေးနိုင်ရန်စီစဉ် ဆောင်ရွက်လျှက်ရှိပြီး လူငယ်သင်တန်းသားများအား အလုပ်အကိုင်ရရှိစေရေးအတွက် ချိတ်ဆက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းပြောသည်။

 

HELVETAS သည် ဆွစ်ဇာလန်နှင့် ဂျာမနီတို့တွင် မှတ်ပုံတင်ထားပြီး အာရှ၊လက်တင် အမေရိက၊ အာဖရိကနှင့် ဥရောပ အရှေ့ပိုင်းရှိဖွံ့ဖြိုးဆဲနိုင်ငံ(၂၉)နိုင်ငံတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသော အစိုးရမဟုတ်သော အဖွဲ့ဖြစ်ပြီး အဆိုပါအဖွဲ့၏  မျှော်မှန်းချက်မှာအခွင့်အလမ်းနည်းပါးသူများနှင့် ဘေးအန္တရာယ်ဖြစ်ပါက ထိခိုက်လွယ်သူများကို အားပေးမြှင့်တင်ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါသင်တန်းသို့ စက်မှုဆိုင်ရာလုပ်ငန်း၊ အလှအပဆိုင်ရာလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အထည် အလိပ်နှင့် စက်ချုပ်လုပ်ငန်းရှင်များ၊ သက်မွေးပညာသင်ကြားနေသောသင်တန်းကျောင်းများ၊ မကွေးတိုင်းဒေသ ကြီး လူငယ်ကွန်ယက်၊ သင်တန်းဆရာများ ပါဝင်သော စုစုပေါင်းသင်တန်းသား(၂၄)ဦး တက်ရောက်ခဲ့ကြသည်။

 

သင်တန်းကာလမှာရက်(၂၀)ဖြစ်ပြီး၊ (၄)လတာအတွင်း အပိုင်း(၄)ပိုင်းဖြင့် သင်ရိုးညွန်းတမ်းရေးဆွဲနည်းအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

kyawzayya