မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေးဆွေးနွေးပွဲ ၂၀၂၄ ကျင်းပ

မကွေး  ဇွန်  ၂၅

 

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေးဆွေးနွေးပွဲ ၂၀၂၄ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ ဖိတ်ကြားထားသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသောအခွင့်အလမ်းများ ကို ဖန်တီးပေးနိုင်သော မကွေးတိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများ အပါအဝင်  ပြည်တွင်း၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်က လိုအပ်သည်များကို စိစစ် ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့်  လက်ရှိလုပ်ငန်းများ ပိုမိုအခြေခိုင်မာစွာ လည်ပတ်နိုင်ပြီး ဒေသထုတ်ကုန်များ ထုတ်လုပ်မှုတိုးတက်လာစေရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးပွဲတွင် ဝိုင်းဝန်းဆွေးနွေးအဖြေရှာ ခြင်းဖြင့် တိုင်းဒေသကြီး၏ လူမှုစီးပွားဖွံ့ဖြိုးလာစေရေး ကြိုးပမ်းကြစေလိုကြောင်း   ပြောကြား သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်များပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက မကွေးတိုင်း ဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများခေါင်းစဉ်ဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုး ရေး၊ စက်မှုလက်မှု၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ၏ အလားအလာကောင်းများကို အချက်အလက်များဖြင့် တင်ပြသည်။

 

ယင်းနောက် မကွေးတိုင်းဒေသကြီးအတွင်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာနိုင်သည့်  ဆီထွက်သီးနှံနှင့် ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့ကို အားပေးမြှင့်တင်နိုင်ရန် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက် ကျင်းပရာ ကျွမ်းကျင်သူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာသူများ၏ ‌မေးခွန်းများကို ပြန်လည်ဖြေကြားကြသည်။

 

အဆိုပါဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ပိုမို သိရှိနိုင်စေရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သည့်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်နှင့် လုပ်ငန်းရှင်များ တွေ့ကြုံနေရသော ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအခက်အခဲများကို ပေါင်းစပ် ညှိနှိုင်းကူညီပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)