မကွေးတိုင်းဒေသကြီး၌ အပူရှောင်စခန်း ၄၀ကျော်ဖွင့်လှစ်၍ သက်ကြီးဘိုးဘွားများ အပူဒဏ်သက်သာစေရန် ဆောင်ရွက်ပေးနေ

မကွေး ၁၃  မေ 

 

ဒေသတွင်း စံချိန်တင်မြင့်တက်လာသော အပူချိန်များဒဏ်မှ သက်သာခွင့်ရစေရန် သက်ကြီးဘိုးဘွားများအတွက် အပူရှောင်စခန်းများကို မကွေးတိုင်းဒေသကြီးအတွင်း၌ စခန်းပေါင်း(၄၀)ကျော်ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးနေကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရှိရသည်။

 

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မကွေးမြို့တွင် စခန်း(၄)ခု၊ ပခုက္ကူမြို့၊ ၁၄ရပ်ကွက်ရှိ၊ ပုထိုးတော်ကြီးတိုက်သစ်တွင် စခန်း(၂၀)ခု တို့ကို ဌာနအစီအစဉ်ဖြင့် ဆောင်ရွက်ပေးထားပြီး ချောက်မြို့နယ်ရှိ ဓမ္မာရုံများတွင် မြို့နယ်ထွေအုပ်နှင့် ပရဟိတအဖွဲ့များပူးပေါင်း၍ အပူရှောင်စခန်း(၂၀)ခု စီစဉ်ပေးထားလျက်ရှိသည်။

 

“ ရာသီဥတုက ပူလာတဲ့အခါကျတော့ အဘိုးအဘွားတွေဟာ အပူဒဏ်ကို ပြင်းပြင်းထန်ထန်လေး ခံစားနေရတာပေါ့။ ကျွန်တော်တို့ လူကယ်ပြန်ဝန်ကြီးက ပူပြင်းတဲ့နေရာတွေမှာ အပူရှောင်စခန်းတွေ ဖွင့်ဖို့လိုမယ်ဆိုပြီး လမ်းညွှန်တာ လည်း ရှိတဲ့အတွက် မြို့နယ်ထွေအုပ်နဲ့ပေါင်းပြီး မြေနေရာကို အမြန်ရွေးချယ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက်နှစ်တွေမှာလည်း အပူချိန်မြင့်မားမှုဒဏ်တွေကိုကာကွယ်နိုင်အောင် အပူရှောင်စခန်းတွေ ဆက်ဖွင့်သွားဖို့ အစီအစဉ်ရှိပါတယ် ” ဟု ဘေးအန္တရယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြင့်စိုး က ဆိုသည်။

 

မကွေးမြို့၌ အောင်မေတ္တာရပ်ကွက်ရှိ ရတနာသိဒ္ဓိစာသင်တိုက်၊ မြို့မအိုးဘိုရပ်ကွက်၊ မဲထီးလမ်းမပေါ်ရှိ မဟာဓမ္မိကာရာမကျောင်းတိုက်၊ အောင်မင်္ဂလာရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်ကျောင်းတိုက်၊ အောင်ချမ်းသာရပ်ကွက်ရှိ ကျောင်း ထိုင်ဘုန်းကြီးသင်တန်းကျောင်းတို့တွင် လတ်တလောစခန်း(၄)ခုတစ်ပြိုင်နက်စီစဉ်ထားရှိပြီး စခန်းတစ်ခုတွင် ဘိုးဘွား(၈၀)ဦးခန့် နားနေနိုင်ကြောင်း ၊ အပူကြောင့်ဖြစ်လာသည့်ရောဂါများကို အရေးပေါ်ကုသ၍ရစေရန် တိုင်းကျန်းမာရေးဦးစီးဌာနနှင့်ညှိနှိုင်းပြီး ရွေ့လျားကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့များ စီစဉ်ထားပြီးဖြစ်ကြောင်း ဦးမြင့်စိုးထံမှ သိရသည်။

 

“ မေလ ၉ ရက်နေ့ကစပြီး အပူရှောင်စခန်းစတည်ခဲ့ပါတယ်။ ဒီနေ့မှာဆိုရင် ပြီးစီးလုနီးပါးဖြစ်သွားပါပြီ။ တရား အားထုတ်ရင်း ၊ အပူရှောင်ရင်းလာကြတဲ့ အဘွား(၂၀) ၊ အဘိုး(၇)ဦး ရောက်နေပါပြီ။ လိုအပ်တဲ့အခင်းအကျင်းတွေ ၊ အပူဒဏ် သက်သာစေတဲ့ အကာတွေလည်း လုပ်ထားပါတယ်။ အဘိုးအဘွားတွေ လာရောက်နားနေနိုင်ဖို့ သက်ဆိုင်ရာဆယ်အိမ်မှူး ၊ ရာအိမ်မှူးများမှတစ်ဆင့် အသိပေးဖိတ်ခေါ်တာတွေ ၊ လူမှုကွန်ယက်များက ကြော်ငြာတာတွေလည်း လုပ်နေပါတယ်။ အသံချဲ့ စက်နဲ့လည်း လှည့်ပြီးကြေငြာသွားပါမယ် ” ဟု မကွေးမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က လတ်တလော ဆောင်ရွက်မှုအား ရှင်းပြသည်။

 

အဘိုး နှင့် အဘွားများကို အဆောင်သီးခြားစီ စီစဉ်ပေးထားပြီး နေ့လည်စာထမင်း နှင့် အချိုရည်များ ပံ့ပိုးပေး မည့်အပြင် အကြို၊အပို့လိုအပ်သည့်ဘိုးဘွားများအတွက် သုံးဘီးဆိုင်ကယ်များ စီစဉ်ထားကြောင်း၊ အပူရှောင်စခန်းတစ်ခုကို ငွေကျပ် ၇သိန်းခွဲခန့်ကုန်ကျခံဆောင်ရွက်ထားပြီး စေတနာရှင်များကလည်း လှူဒါန်းနိုင်ကြောင်း သိရသည်။

 

“ အိမ်တွေမှာက အဲယားကွန်းတို့၊ ပန်ကာတို့ကလည်း ခဏအေးတာ။ ဒီမှာက သဘာဝလေလေးက တစ်ဖြူးဖြူး နဲ့။ နေ့ခင်းအိပ်။ ညနေဘက်တရားထိုင်။ ရေနွေးကြမ်းလေးသောက် ၊ လက်ဖက်လေးစားရင်း အသက်ကြီးတဲ့သူ အချင်းချင်း စကားစမြည်ပြောကြနဲ့ ။ အထီးကျန်တာလည်း မဖြစ်တော့ဘူးပေါ့ ” ဟု အပူရှောင်စခန်းတွင်နားနေသူ အသက်(၈၀)ခန့်ရှိ အဘွားဒေါ်အုန်းကြည်က သူ၏ခံစားချက်ကို ပြောပြသည်။

 

 ဇေယျတု(မကွေး) 

 

IMG_1