မကွေးတိုင်းဒေသကြီးရှိ အသက် (၁၂) နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမည်

မကွေး အောက်တိုဘာ ၁

 

မကွေးတိုင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ရာ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းရှိန်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာန တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က တိုင်းဒေသကြီးအတွင်း စာသင်ကျောင်းများရှိ ကျောင်းသား ကျောင်းသူ စာရင်းများ ပြုစုဆောင်ရွက်လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါက်တာမွန်မွန်မြင့်က ကျောင်းသား ကျောင်းသူများအား ဆေးထိုးနှံခြင်းတွင် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အရေးပေါ်လိုအပ်သည့် ဆေးဝါးများ စီစဉ်ဆောင်ရွက်ထားရှိမည် ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးညီညီဇော်က နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသည့် ကျောင်းသား ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

ကိုအောင်