မကွေး ဇူလိုင် ၁၅
၂၀၂၆ ခုနှစ် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးဖူဆယ်ရုံ အားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် အမျိုးသားသုံးယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် မကွေးမြို့နယ်အသင်းနှင့် မြို့သစ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးရာ မကွေးမြို့နယ်အသင်းက အနိုင်ရဗိုလ်စွဲသွားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ဆုရရှိသည့် အသင်းများအား တစ်ဦးချင်းဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင် ၁၀ ရက်မှ ၁၄ ရက်အထိ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ပြိုင်ပွဲဝင်များက အုပ်စုလေးခုခွဲ၍ အမျိုးသားပွဲစဉ်အဖြစ် နှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ လေးယောက်တွဲ ပွဲစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


