မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မကွေးပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး ဒီဇင်ဘာ ၁၈

 

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးပညာရေးဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးပညာရေး ဒီဂရီကောလိပ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

 

mdn

 

ဦးစွာ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မကွေးပညာရေးဒီဂရီကောလိပ်တွင် ဖွင့်လှစ်သည့် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းကို စတင်တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအား ကြိုဆိုသည့် အခမ်းအနားသည် အခြေခံပညာနှင့် ဆရာအတတ်ပညာကဏ္ဍတို့အတွက် ဝမ်းမြောက်ဂုဏ်ယူရမည့် အခမ်းအနား ဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် မကွေးပညာရေးဒီဂရီကောလိပ်တွင် ဆရာအတတ် ပညာများကို (၄)နှစ်တာ တက်ရောက်သင်ကြားရမည်ဖြစ်ပြီး B.A(Education)နှင့် B.Sc (Education) ဘွဲ့များအား ရရှိမည်ဖြစ်ပြီး မိမိတို့ကြိုးစားအားထုတ်မှုအလိုက် (B.Ed)၊ မဟာပညာရေး ဘွဲ့(M.Ed)နှင့် ပါရဂူဘွဲ့(Ph.D)အထိ ရယူနိုင်သည့် အခွင့်အလမ်းများရှိပါကြောင်း၊ ယနေ့ခေတ်သည် ပညာရေးခေတ် ဖြစ်သည်နှင့်အညီ လေးနှစ်သင် ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်းများကိုလည်း နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ ဖြစ်လာစေရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ဆရာအတတ်ပညာ ဦးစီးဌာနတို့မှ ပူးပေါင်းပြီး ဆရာ/ဆရာမများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်(TCSF)ကိုအခြေခံ၍ အသစ်ရေးဆွဲ ပြုစုသင်ကြားပို့ချလျက်ရှိပြီး ကျောင်းသား/ကျောင်းသူများ အနေဖြင့် မိမိတို့သိရှိထားသော အယူအဆ သဘောတရားများကို လေးနှစ်တာကာလအတွင်း အပြန်ပြန်အလှန်လှန် လေ့လာကြရမည် ဖြစ်ပါကြောင်း၊ ဒါ့အပြင် “ပညာအရည်အသွေး ကောင်းမွန်ရေး၊ အရည်အသွေးကောင်းမွန်သည့် ဆရာရရှိအောင် ပျိုးထောင်ပေး” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အရည်အသွေးကောင်းမွန်သည့် ပညာရေးကို အရည်အချင်းပြည့်ဝသည့် ဆရာများကသာ ဆောင်ကြဉ်း ပေးနိုင်မှာဖြစ်ပြီး နိုင်ငံတော်အစိုးရ အနေဖြင့်လည်း တစ်မျိုးသားလုံး၏ ပညာရည်မြင့်မားရေးအတွက် ပညာရေးကဏ္ဍကို စနစ်တကျ အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆရာ၊ ဆရာမလောင်း ကျောင်းသား/ကျောင်းသူများ အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ကြံဆောင်နိုင်သော အသိပညာရှင်၊ အတတ်ပညာရှင်များကို မွေးထုတ်ပေးနိုင်သည့် အရည်အသွေးပြည့်ဝသည့် ဆရာ/ဆရာမများ ဖြစ်လာသည်အထိ သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း အစွမ်းကုန်ကြိုးစား လေ့လာသင်ယူကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

 

ဆက်လက်၍ မကွေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ကျောင်းသူများက ကျောင်းသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး သစ်လွင်မောင်၊ သစ်လွင်မယ်တို့မှ လမ်းလျှောက် ကိုယ်ဟန်ပြခြင်း အစီအစဉ်ဆောင်ရွက်ကာ ကျောင်းသား/ကျောင်းသူများမှ တေးသီးချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေခြင်းတို့ ဆောင်ရွက်ခဲ့သည်။

 

ဆက်လက်ပြီး ဆုရရှိသည့် သစ်လွင်မောင်၊ သစ်လွင်မယ် ကျောင်းသား/ကျောင်းသူများကို စလွယ်များနှင့်ဆုငွေများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့်ဇနီးတို့က အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများက အက၊ အလှ တေးသံသာများဖြင့် ဆက်လက်ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

 

mnd

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးပညာရေးဒီဂရီကောလိပ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ထောက်ပံ့ငွေကျပ် (၁၅)သိန်းအား ပေးအပ်ခဲ့ပြီး မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ မကွေးပညာရေးဒီဂရီကောလိပ်တွင် ပထမနှစ်(ပထမနှစ်ဝက်) ကျောင်းသား/ကျောင်းသူ (၃၁၅)ဦး၊ ပထမနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား/ကျောင်းသူ (၃၅၂)ဦး၊ ဒုတိယနှစ် (ပထမနှစ်ဝက်) ကျောင်းသား/ကျောင်းသူ (၇၉)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၇၄၆)ဦးတို့ တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

 

မောင်ညီညာ