မချမ်းဘောမြို့၌ မွေးကင်းစမှ ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ

မချမ်းဘော မေ ၁

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှအသက်(၂)နှစ် အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို မေ ၁ ရက် နံနက်ပိုင်းက အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆေးထိုးဆေးတိုက်ဆောင်ရွက်ရာတွင် မွေးစမှ(၂)လ၊ (၄)လ၊ (၆)လ၊ (၉)လနှင့် တစ်နှစ်ခွဲ ကလေးငယ်များအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထအကြိမ်အဖြစ် ကာကွယ်ဆေးထိုးခြင်း ဆေးတိုက်ခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဆေးထိုးဆေးတိုက်ခြင်းကို မြို့ပေါ် ၄ရပ်ကွက်နှင့် ကျေးရွာများမှ ကလေးများအား လစဉ်လဆန်း (၁)ရက်နှင့်( ၂)ရက် နေ့များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ယောရွှေနီ(မချမ်းဘော့)