မက္ကဆီကို နိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ရောက်ရှိ

၂၃ ဒီဇင်ဘာ

 

 

မက္ကဆီကို နိုင်ငံကို Pfizer-BioNTech ဆေးကုမ္ပဏီတို့ကနေ ပူးတွဲထုတ်လုပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ပထမအသုတ်ကို ဒီနေ့(ဗုဒ္ဓဟူးနေ့) မှာ ရောက်ရှိမယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာဆယ်လို အက်ဘတ်က အင်္ဂါနေ့မှာ ပြောကြားပါတယ်။

 

 

မက္ကဆီကို နိုင်ငံကို အမေရိကန် ဆေးကုမ္ပဏီ Pfizer နဲ့ ဂျာမနီ ဆေးကုမ္ပဏီ BioNTech တို့ ပူးတွဲ ထုတ်လုပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး ၁.၄ သန်းအား ဘယ်လ်ဂျီယံနိုင်ငံကနေ ဗုဒ္ဓဟူးနေ့မှာ ရောက်ရှိမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက အတည်ပြု ပြောကြားပါတယ်။

 

 

၂၀၂၁ ခုနှစ် ဇန်နဝါရီ လကုန်မှာ နိုင်ငံသား ၃၄.၄ သန်းကို ကာကွယ်ဆေး ထိုးပေးမယ်လို့ အစိုးရက ကတိပေးထားပါတယ်။

 

 

လူဦးရေ ၁၂၉ သန်းနေထိုင်တဲ့ မက္ကဆီကို နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ ၁.၃ သန်းနဲ့ သေဆုံးသူ ၁၁၈,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။ မက္ကဆီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် ကမ္ဘာမှာ စတုတ္ထမြောက် သေဆုံးသူ အများဆုံး နိုင်ငံဖြစ်ပါတယ်။

 

 

ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးအား ရောဂါပိုးကို ရှေ့တန်းကနေ ပါဝင်တိုက်ဖျက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအား ဦးစားပေး ထိုးနှံပေးမယ်လို့ အစိုးရက ပြောပါတယ်။

 

 

မက္ကဆီကို နိုင်ငံက Oxford-AstraZeneca ထုတ် ရောဂါပိုးကာကွယ် ဆေး ၇၇.၄ သန်းနဲ့ ကနေဒါ ဆေးကုမ္ပဏီနဲ့ တရုတ်ဆေးကုမ္ပဏီတို့ ပူးတွဲထားတဲ့ CanSinoBio မှ ဆေးအလုံးရေ ၃၅ သန်းကို မှာယူထားပြီး ဖြစ်ပါတယ်။

 

 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ဦးဆောင်ပြီး ဆင်းရဲတဲ့ နိုင်ငံတွေအား ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေး မျှဝေမယ့် COVAX အစီအစဉ်ကနေလည်း မက္ကဆီကို နိုင်ငံအတွက် ထိုးဆေးပမာဏ ၅၁.၆ သန်း ရရှိရန် သေချာပြီး ဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP