မက္ကဆီကိုဘဏ္ဍာရေးဝန်ကြီး အော်တူရိုဟာရီယာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

မက္ကဆီကိုစီးတီး ၂၇ ဇွန်

မက္ကဆီကို ဘဏ္ဍာရေးဝန်ကြီး အော်တူရိုဟာရီယာတွင် ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့ရာ ဗိုင်းရပ်စ် ကူးစက်ခံရသော အဆင့်အမြင့်ဆုံးအစိုးရအဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။

ဟာရီယာက သီးသန့်ခွဲနေလျက်ရှိပြီး နေအိမ်မှ အလုပ်လုပ်ကိုင်နေကြောင်း ဇွန် ၂၅ ရက်တွင် တွစ်တာမှတစ်ဆင့် ပြောကြားခဲ့သည်။ ဟာရီယာသည် မက္ကဆီကိုသမ္မတ အန်ဒရက်စ်မန်နျူရယ်လ် လိုပက်ဇ်အော်ဘရေတာနှင့်အတူ ပြီးခဲ့သောသီတင်းပတ်အတွင်း နှာခေါင်းစည်းများ ဝတ်ဆင်ခြင်းမရှိဘဲ အခမ်းအနားနှစ်ခုထက်မနည်း တက်ရောက်သည်။ ကိုကိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့် သေဆုံးမှုများ စံချိန်တင်မြင့်တက်လာမှုကို စိုးရိမ်သည့် ကျန်းမာရေးပညာရှင်အချို့၏ ဝေဖန်မှုများရှိလင့်ကစား မက္ကဆီကိုအစိုးရက စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန် အလေးပေးလုပ်ဆောင်ခဲ့သည်။

မက္ကဆီကိုသမ္မတ အော်ဘရေတာက နှာခေါင်းစည်းမဝတ်ဆင်ဘဲ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ နိုင်ငံတစ်ဝန်း လှည့်လည်ခြင်း၊ အခမ်းအနားများ တက်ရောက်ခြင်းဖြင့် စံနမူနာတစ်ရပ် လုပ်ဆောင်ခဲ့သည်။ ဟာရီယာကို သမ္မတအော်ဘရေတာ၊ ထိပ်တန်းတာဝန်ရှိသူများနှင့်အတူ ဇွန် ၂၁ ရက်က ရုပ်သံတစ်ခုအပြင် ဇွန် ၁၈ ရက်က သမ္မတ၏ နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ တွေ့မြင်ခဲ့ရသည်။ ထို့အပြင် ထိပ်တန်းရုပ်သံလွှင့်ဌာန Televisa အပါအဝင် ဟာရီယာသည် ပြီးခဲ့သောသီတင်းပတ်အတွင်း မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

ကိုးကား - ဘလွန်းဘဂ် ၊   ဘာသာပြန် - ကျော်ထိုက်စိုး