မက္ကဆီကို၌ တုပ်ကွေးရောဂါ ကာကွယ်ဆေး တင်ဆောင်လာသည့် ထရပ်ကား ခိုးယူခံရ

မက္ကဆီကိုစီးတီး ၁၉ အောက်တိုဘာ

 

 

မက္ကဆီကိုနိုင်ငံတွင် အစိုးရဆေးရုံသို့ ပို့ဆောင်မည့် တုပ်ကွေးရောဂါ ကာကွယ်ဆေးများ တင်ဆောင်လာသည့် ထရပ်ကားတစ်စီး ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း  မက္ကဆီကို ကျန်းမာရေး အန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီက အောက်တိုဘာ ၁၆ ရက်က ပြောကြားသည်။

 

 

နိုင်ငံအတွင်း ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း ကင်ဆာရောဂါ ကုသသည့် ဆေးဝါးများ ခိုးယူခံရမှု   ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ ထရပ်ကားဖြင့် သယ်ဆောင်လာသည့်  ကာကွယ်ဆေး တစ်သောင်းကျော် ပျောက်ဆုံးနေသည်ဟု ကော်မတီက ပြောသည်။

 

 

ကာကွယ်ဆေးများ ပျောက်ဆုံးမှု ဖြစ်စဉ် အသေးစိတ်ကို ပြောကြားခြင်း မရှိသေးသော်လည်း ပျောက်ဆုံးသွားသည့် ကာကွယ်ဆေးများမှာ ဆေးဝါး လုံခြုံရေး   အာမခံချက် မရှိတော့ကြောင်းနှင့်  ဆေးရုံ၊ ဆေးခန်းများနှင့် အများပြည်သူ ဝယ်ယူသုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေး အန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီက တိုက်တွန်းထားကြောင်း သိရသည်။

 

 

ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်တွင်လည်း ဓာတ်ခွဲခန်းတစ်ခုမှ ကင်ဆာရောဂါကု ဆေးဝါးများကို လက်နက်ကိုင် လူတစ်စုက ခိုးယူမှုဖြစ် ပွားခဲ့ကြောင်း   မက္ကဆီကို အမှုစစ် ဌာနက ပြောကြားခဲ့သည်။

 

 

မက္ကဆီကို၌ ကလေးသူငယ်များအတွက် ကင်ဆာရောဂါ ကုသဆေးများ ပြတ်လပ်မှုနှင့် တုပ်ကွေးရာသီ ရောက်ရှိလာမည်ကို စိုးရိမ်နေရပြီး ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုနှင့်အတူ တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို ထပ်မံခံစားရသည့် အခြေအနေကို   ကာကွယ်ရန်   တုပ်ကွေး ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံ ပေးလျက်ရှိကြောင်း  သိရသည်။

 

 

ဆင်ဟွာ