မက္ကဆီကိုနိုင်ငံမှာလည်း Pfizer - BioNTech မှ ထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး အသုံးပြုရန် ခွင့်ပြုလိုက်ပြီ

၁၂ ဒီဇင်ဘာ

 

မက္ကဆီကိုကျန်းမာရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ Cofepris က Pfizer-BioNTech မှ ထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုခွင့် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေး ဒုတိယဝန်ကြီး ဟူဂို လိုပတ်စ်-ဂိတ်တဲလ်က သောကြာနေ့က ပြောကြား လိုက်ပါတယ်။

 

မက္ကဆီကို နိုင်ငံဟာ Pfizer-BioNTech ဆေးကုမ္ပဏီမှ ထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးကို စတုတ္ထမြောက် အရေးပေါ်အသုံးပြုခွင့်ရသည့် နိုင်ငံဖြစ်လာကြောင်း ကျန်းမာရေး ဒုဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။ 

 

တကယ်တန်းမှာတော့ မက္ကဆီကိုနိုင်ငံဟာ ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးတဲ့ ပဉ္စမမြောက်နိုင်ငံအဖြစ် ဗြိတိန်၊ ကနေဒါ၊ ဆော်ဒီ နဲ့ ဘာရိန်း နိုင်ငံတို့ရဲ့ နောက်မှာ ရှိနေပါတယ်။

 

ဒီဇင်ဘာလကုန်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် ဆေးအလုံးပေါင်း ၂၅၀,၀၀၀ ကို လူပေါင်း ၁၂၅,၀၀၀ အား ထိုးနှံပေးသွားမှာ ဖြစ်ကြောင်း၊ လူတစ်ဦးကို ကာကွယ် ဆေးနှစ်လုံးထိုးရန် လိုအပ်ကြောင်း အစိုးရက ကြေညာပါတယ်။

 

ကာကွယ်ဆေး သိမ်းဆည်းသိုမှီးရာတွင် အပူချိန်ဟာ (-၇၀°C) အထူးလိုအပ်ချက်ရှိနေတဲ့အတွက် မက္ကဆီကို စီးတီးနဲ့ နိုင်ငံရဲ့ မြောက်ပိုင်းရှိ ကော့ဟူးလာဒေသရှိ ကျန်းမာရေးဝန်ထမ်းကိုတွေ ဦးစားပေး ထိုးနှံပေးသွားမှာဖြစ်ပါတယ်။

 

Pfizer-BioNTech ဆေးကုမ္ပဏီမှ ဆေးအလုံးရေ ၃၄ ဒသမ ၄ သန်း ဝယ်ယူရန်သဘောတူထားကြောင်း၊ ဇန်နဝါရီ နဲ့မတ်လကြားမှာ ဆေးအလုံးရေ ၁ သန်း ရရှိမှာဖြစ်ပြီး ဧပြီမှာ ၁၂ သန်းရောက်ရှိမယ်လို့ အစိုးရအဖွဲ့က ပြောပါတယ်။

 

မက္ကဆီကို နိုင်ငံက တရုတ်-ကနေဒါ ကုမ္ပဏီကနေ CanSinoBio ကာကွယ်ဆေး ထိုးဆေး ၃၅ သန်း ဝယ်ယူရန်နဲ့ ဗြိတိန်ကုမ္ပဏီ AstraZeneca မှလည်း ကာကွယ်ဆေး ၇၇ ဒသမ ၄ သန်း ဝယ်ရန် သဘောတူထားကြောင်း သိရပါတယ်။

 

ကုလသမဂ္ဂရဲ့ နိုင်ငံတကာ Covax အစီအစဉ်ကနေလည်း ကာကွယ်ဆေး ၅၁ ဒသမ ၆ သန်း ရရှိဖို့လည်း ရှိနေပါတယ်။

 

လူဦးရေ ၁၂၈ သန်းနေထိုင်တဲ့ မက္ကဆီကို နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၁,၂၂၉,၃၇၉ ဦး ရှိပြီး သေဆုံးသူ ၁၁၃ ဒသမ ၀၁၉ ဦးရှိကြောင်း သောကြာနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

MDN

ကိုးကား - AFP

 

mdn