မက္ကဆီကိုနိုင်ငံတောင်ပိုင်း၌ နောက်တွဲထရပ်ကားတိမ်းမှောက် လူ ၄၉ ဦး သေဆုံး

ဒီဇင်ဘာ ၁၀

 

မက္ကဆီကိုနိုင်ငံတောင်ပိုင်းတွင် နောက်တွဲထရပ်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့သဖြင့် ယမန်နေ့က ရွှေ့ပြောင်းဒုက္ခသည် ၄၉ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု အာဏာပိုင်များကဆိုသည်။

 

ဗဟိုအမေရိကမှအများဆုံးဖြစ်သော ရွှေ့ပြောင်းဒုက္ခသည်များကို တရားမဝင်သယ်ဆောင်လာသည့် ထိုထရပ်ကားသည် တောင်ပိုင်း ချီရာပါ့ပြည်နယ် တာ့ချ်လာဂူတအာရတ်ဇ်မြို့တော်အနီး အဝေးပြေးလမ်းမတွင် တိမ်းမှောက်ခဲ့ကြောင်း ထိုပြည်နယ်၏အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ပြောကြားသည်။

 

ထိုယာဉ်တိမ်းမှောက်မှုကြောင့် ၅၈ ဦး ဒဏ်ရာရရှိခဲ့ပြီး သုံးဦးအခြေအနေစိုးရိမ်ရသည်ဟု ထိုအေဂျင်စီအကြီးအကဲ လူရစ်မနျူရယ်ဂါဆာက ဆိုသည်။

 

ထိုထရပ်ကားသည် စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် တိမ်းမှောက်သွားခြင်းဖြစ်သည်ဟု ဂါဆာက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို