မက္ကဒေးမီးယားသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၃

 

မက္ကဒေးမီးယားသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ၊ မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်လျက်ရှိကြသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မက္ကဒေးမီးယားသီးနှံ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များက အွန်လိုင်းမှ တက်ရောက်ကြသည်။ 

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မက္ကဒေးမီးယားသည် နှစ်ရှည်ပင် ဖြစ်သောကြောင့် မျိုးရွေးချယ်မှု မှန်ကန်ရန်လိုအပ်ပြီး အရည်အသွေးမီပျိုးပင်များ ထုတ်လုပ်စိုက်ပျိုးရန် အရေးကြီးကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ်များအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ မြေယာအသုံးချမှုအပါအဝင် ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်နိုင်ရေး ဌာနဆိုင်ရာများမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန်လိုကြောင်း၊ မက္ကဒေးမီးယားသီးနှံ စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်စေရေးအတွက် ဌာနနှင့် ပုဂ္ဂလိကတို့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြရန်နှင့်  ခေတ်စနစ်နှင့် လျော်ညီသည့် အမျိုးသားအဆင့် မက္ကဒေးမီးယားဆိုင်ရာ မဟာဗျူဟာတစ်ရပ် ဖော်ဆောင်နိုင်ရေး မျှော်မှန်းကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မျိုးရွေးချယ်ခြင်း၊ အပင်ပြုစုထိန်းသိမ်းနည်း၊ သွင်းအားစု၊ မြေယာရရှိနိုင်မှု ခေါင်းစဉ်ကိုလည်းကောင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်းနှင့် မက္ကဒေးမီးယားအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်မှုအခြေအနေ ခေါင်းစဉ်ကို လည်းကောင်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် မက္ကဒေးမီးယားဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ကိုလည်းကောင်း၊ ဈေးကွက်ရရှိရေး ခေါင်းစဉ်ကိုလည်းကောင်း အုပ်စုလိုက် ဆွေးနွေးကြသည်။

 

မြန်မာနိုင်ငံ၌ မက္ကဒေးမီးယားကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးကာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် စုစုပေါင်းစိုက်ဧရိယာ ဧက (၁၂၀၀၀)ကျော် တိုးချဲ့စိုက်ပျိုးထားရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အသီးစိမ်းအထွက် (၂၁၀၇)တန် ထွက်ရှိကာ  အဆံတန်ချိန် (၄၂၁)တန်ကျော် ထွက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် မက္ကဒေးမီးယားသီးနှံကို စီးပွားဖြစ်ကုန်ချောအဖြစ် အသေးစား၊ အငယ်စားနှင့် အလတ်စား ကုမ္ပဏီများမှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းစားသုံးသူများသို့သာ အဓိကရောင်းချလျက်ရှိကာ ပြည်ပပို့ကုန်အနေဖြင့် ၂၀၁၄-၂၀၁၅ ခုနှစ်မှစတင်၍ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

 

ထူးကဲကောင်းမွန်သည့် စားသုံးမှုအတွေ့အကြုံကိုရစေပြီး ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေသည့် အာဟာရဓါတ် ကြွယ်ဝစွာပါရှိသော မက္ကဒေးမီးယားကို တိုက်ရိုက်စားသုံးခြင်းအပြင် ချောကလက်နှင့် မုန့်မျိုးစုံတွင် ထည့်သွင်းအသုံးပြုခြင်း၊ ဆီထုတ်အသုံးပြုခြင်းတို့ဖြင့် နိုင်ငံတကာဈေးကွက်တွင် အရေးပါသော ပို့ကုန်တစ်ခုအဖြစ် နေရာယူလာလျက်ရှိရာ ပြည်တွင်း  မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်နိုင်ရေး ဆောင်ရွက်ပေးနိုင်ရန် ယခုအလုပ်ရုံ ဆွေးနွေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် ဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား နည်းပညာရပ်ဆိုင်ရာများ၊ အတွေ့အကြုံများ အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်