မက်မန်းမြို့နယ် မင်းရန်အောင်ကျေးရွာတွင် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကျန်းမာရေးအသိပေး ဟောပြောပွဲနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မက်မန်း   ဖေဖော်ဝါရီ   ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းမြို့နယ်၊ မင်းရန်အောင် ကျေးရွာတွင် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုး တိုးတက်ရေး ကျန်းမာရေးအသိပေးဟောပြောပွဲနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီ  ၂၃ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်ပြီး အမျိုးသမီးများဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျန်းမာရေးအသိပညာပေး ဟောပြောရာတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ညိုက “အမျိုးသမီးများသည် မိသားစုတွင် အရေးပါသောသူများဖြစ်ပါကြောင်း၊ အမျိုးသမီးများ ကျန်းမာနေမှ မိသားစုတစ်ခုလုံး ကျန်းမာနေမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်များလည်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း” ဟောပြောသည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာချို (လက်ထောက် ညွှန်ကြားရေးမှူး)၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ချိုချိုသန်း (အထက်တန်းသူနာပြု)တို့က   ဟောပြော ခဲ့သည်။

ထို့နောက် မင်းရန်အောင်ကျေးရွာရှိ ပြည်သူများအား ကျန်းမာရေးပြုစုစောင့်ရှောက်ခြင်းများ ဆောင်ရွက်ခြင်း၊ ဆေးကုသခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား စမ်းသပ်ခြင်း၊ လိုအပ်သော ဆေးဝါးများ ထောက်ပံ့ခြင်းနှင့် အနှီးပိတ်စများထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ မင်းရန်အောင် ကျေးရွာရှိ ပြည်သူများအား ကြက်ဥ၊ ဆား၊ အဟာရမုန့်များလည်း ထောက်ပံ့ပေးအပ်ခဲကြောင်းလည်း သိရသည်။

စောဥမ္မာ(ခရိုင် ပြန်/ဆက်)