မျက်နှာပေါ်မှာပေါက်နေတဲ့ ဝက်ခြံတွေကပြောပြနေတဲ့ ကျန်းမာရေးအခြေအနေ

မျက်လုံးက စိတ်ရဲ့ပြတင်းပေါက်ဆိုရင် မျက်နှာက ခန္ဓါကိုယ်ရဲ့ပြတင်းပေါက်ပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ မျက်နှာပေါ်ဖြစ်နေတဲ့အချို့သောအရာတွေက ခန္ဓါကိုယ်တွင်းမှာခံစားနေရတဲ့ လက္ခဏာတွေကိုဖော်ပြနေတာကြောင့်ပါ။ မျက်နှာပေါ်မှာပေါက်တဲ့ဝက်ခြံကပေါက်တဲ့နေရာကိုလိုက်ပြီး ကိုယ်တွင်းမှာ ခံစားနေရတဲ့ ရောဂါတွေကို အချက်ပြပေးပါတယ်။

မျက်နှာပေါ်မှာပေါက်တဲ့ဝက်ခြံတွေကပြောပြနေတဲ့ သင့်ကျန်းမာရေး


မျက်နှာပေါ်မှာ ပေါက်တဲ့ဝက်ခြံတွေက ခန္ဓါကိုယ်မှာခံစားနေရတဲ့ရောဂါတွေကိုဖော်ပြပေးနေတာပါ။ ကိုယ့်မှာပေါက်နေတဲ့ဝက်ခြံတွေကရောဘာကြောင့်လဲဆိုတာ သိချင်ရင် ဆက်ကြည့်လိုက်ရအောင်နော်။

မျက်ခုံးအထက်မှာ

မျက်ခုံးအပေါ်ဘက်မှာ ဝက်ခြံပေါက်တာက အသည်း နဲ့ သည်းခြေအိတ် မကောင်းဘူးဆိုတာကို ဖော်ပြနေတာပါ။ တကယ်လို့ ဒီနေရာတွေမှာ ဝက်ခြံဖြစ်နေမယ်ဆိုရင်ပြုပြင်ထားတဲ့အစားအစာတွေနဲ့ အသင့်စားအစားအစာတွေကိုလျှော့စားဖို့လိုပါမယ်။ အဆီတွေကိုလည်းလျှော့စားဖို့လိုပါမယ်။

မျက်ခုံးနှစ်ခုကြားမှာ

မျက်ခုံးနှစ်ခုကြားမှာ ဝက်ခြံဖြစ်ရတာက ဆေးလိပ်တွေ အရမ်းသောက်တာ၊ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို အများကြီးသောက်မိနေတာဖြစ်နိုင်သလို တစ်ဆင့်ခံဆေးလိပ်ငွေ့ အများကြီး ထိမိနေတယ်ဆိုတာကို ဖော်ပြနေတာပါ။ ဒီတော့ အဆီများတဲ့ အစားအစာတွေ၊ထောပတ်၊ ချိစ်တွေ မစားပါနဲ့။ အိပ်ရေးဝဝအိပ်ပါ။လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။

နှာခေါင်း ပေါ်မှာ

နှာခေါင်းပေါ်မှာ ဝက်ခြံပေါက်တာက အဆုတ်နဲ့နှလုံးမကောင်းဘူးဆိုတာကိုဖော်ပြပေးနေတာပါ။ ဒီလို ဆိုရင်တော့ အစပ်များတဲ့ အစားအစာတွေ၊ အသား၊ ဆားတို့ကိုလျှော့စားရပါမယ်။ သစ်သီးတွေ၊ အခွံမာသီးတွေများများစာပေးရပါမယ်။သွေးပေါင်ချိန်ကို ပုံမှန်တိုင်းလို့ ထိန်းညှိပေးရပါမယ်။ ဗီတာမင် B များများစားပေးဖို့လိုပါမယ်။

ဘယ်ဘက်ပါး

မျက်နှာမှာ ဘယ်ဘက်ခြမ်းမှာ ဝက်ခြံအများကြီးထွက်နေမယ်ဆိုရင် အသည်းကျန်းမာရေး အားနည်းနေတာပါ။ အိပ်ရေးဝအောင်အိပ်စက်တာ၊အာဟာရမျှတအောင်စားသုံးပေးတာတွေ လုပ်ဆောင်ပေးဖို့လိုပါမယ်။

ညာဘက်ပါး

ညာဘက်ပါးမှာ ဝက်ခြံအများကြီးဖြစ်နေတာက အဆုတ်မကောင်းဘူးဆိုတဲ့လက္ခဏာပါ။ ဒါကြောင့် အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ပေးတာ၊ မနက်ခင်းမှာ အဆုတ်အားကောင်းစေမယ့် အသက်ရှုလေ့ကျင့်ခန်း လုပ်ပေးတာမျိုးတွေလုပ်ပေးပါ။ အချိုများတဲ့ အစားအစာတွေ၊ သရေစာတွေ တတ်နိုင်သမျှလျှော့စားပေးပါ။ ပင်လယ်စာတွေနဲ့ ဝိုင်လိုမျိုးအရာတွေကိုလည်းလျှော့စားပေးပါ။

ပါးစပ်တဝိုက်

ဒါကတော့ အစားအသောက်ပုံစံ မှားယွင်းနေတာကြောင့်ပါ။ အစာခြေစနစ်၊ အူလမ်းကြောင်း နဲ့ အသည်းကျန်းမာရေး အားနည်းနေတာတွေကြောင့်လည်း ပါးစပ်တဝိုက်မှာ ဝက်ခြံတွေ ဖြစ်နိုင်ပါတယ်။ အစပ်များတဲ့အစားအစာတွေကိုလျှော့စားပါ။ ဆီကြော်စားတွေ တတ်နိုင်သမျှလျှော့ပါ။ အမျှင်ဓါတ်များများစားပေးပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ များများ စားပေးပါ။

မေးစေ့

ကိုယ်တွင်းဟော်မုန်းပမာဏ မမျှတတာကြောင့်ပါ။ စိတ်ဖိစီးမှုများနေတာကြောင့်လည်းမေးစေ့မှာ ဝက်ခြံ ဖြစ်နိုင်ပါတယ်။omega-3 ပြည့်ဝအောင်စားပေးပါ။ လက်ဖက်စိမ်းရေနွေးကြမ်းသောက်သုံးပေးပါ။
မျက်နှာပေါ်မှာပေါက်တဲ့ဝက်ခြံလေးတွေက အသားအရေမကျန်းမာလို့တင်မဟုတ်ဘဲ ကိုယ်တွင်းအင်္ဂါလေးတွေ မကျန်းမာတာမျိုးလည်းဖြစ်နေနိုင်တာကြောင့်သေချာလေးဂရုစိုက်စေချင်ပါတယ်။

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”