မျက်ရည်သွန်းလို့ ဘဝင်ညှိုး ၉/၁၁ အကြမ်းဖက်အဖြစ်ဆိုး

ထွန်းသစ်စ

 

(၁၈)နှစ် ပြည့်မြောက်ခဲ့လေပြီ။ ဟုတ်ပါတယ်၊ အမေရိကန် နယူးယောက်ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံဟာ ၉/ ၁၁ အကြမ်းဖက် တိုက်ခိုက်ခံရတာ အခုဆိုရင် (၁၈)နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ဒါကြောင့်လည်း အမေရိကန်တစ်နိုင်ငံလုံး (၁၈) နှစ်ပြည့်မြောက်တဲ့ နှစ်ပတ်လည်နေ့ကို ဝမ်းနည်းပူဆွေးမှုအပြည့်နဲ့ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ရင်ထဲမှာလည်း သောကတွေနဲ့ပေါ့။ အကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ စတေးခဲ့တဲ့သူတွေကိုလည်း အမေရိကန် သူရဲကောင်းတွေအဖြစ် တင်စား ခဲ့ကြပါတယ်။

တာလီဘန်တွေကို တိုက်ခိုက်မယ်
ဒီအကြမ်းဖက် တိုက်ခိုက်မှုကို အယ်လ်ကိုင်ဒါ အကြမ်းဖက်အုပ်စုက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် အမေရိကန်ဟာ ၉/၁၁ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်မှာ အယ်လ်ကိုင်ဒါ အကြမ်းဖက်အုပ်စုတွေ ပုန်းအောင်းနေတယ်လို့ ယူဆရတဲ့ အာဖဂန်နစ္စတန်ကို စစ်ခင်းလိုက်ပါတယ်။ အာဖဂန်နစ္စတန်မှာ တာလီဘန်က လည်းရှိနေတော့ အကြမ်းဖက်မှုတွေ ထပ်ဖြစ် လာမယ့် အနေအထားကလည်း ကြောက်စရာပါ။ ဒါကြောင့် အခုနှစ်ပတ်လည်နေ့ အခမ်းအနားမှာ တာလီဘန်တွေကို အရင်ကထက်ပိုပြီး အထိနာအောင် တိုက်ခိုက်သွားမယ်လို့ အမေရိကန် သမ္မတထရမ့်က ကြွေးကြော်လိုက်ပါတယ်။ 

အာဖဂန်နစ္စတန်နဲ့ သမိုင်းဝင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖျက်သိမ်းလိုက်ပြီးနောက်မှာ အမေရိကန်သမ္မတ ထရမ့်က အခုလို ကြုံးဝါးလိုက်တာဟာ အမေရိကန်မြေပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ၉/ ၁၁ တိုက်ခိုက်ခံရမှုမှာ အသက်ပေးသွားတဲ့ သူတွေရဲ့ ဆွေမျိုးနီးစပ်တွေ အတွက်တော့ အားတက်စရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

၉/၁၁ တိုက်ခိုက်ခံရမှုမှာ လူပေါင်း ၃၀ဝဝ နီးပါး သေဆုံးခဲ့တာကိုလည်း အမေရိကန်သမ္မတ ထရမ့်က ဂုဏ်ပြုပြောကြား လိုက်ပြီး တာလီဘန်တွေအပေါ် မမျှော်မှန်းနိုင်လောက်တဲ့ စစ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့လည်း ပြောကြား လိုက်ပါသေးတယ်။

သတိပေးပြောကြား
လွန်ခဲ့တဲ့လေးရက်လောက်က အမေရိကန်တပ်ဖွဲ့တွေဟာ သူတို့ရဲ့ ရန်သူတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်။ နောက်လည်းပဲ ဆက်လက်တိုက်ခိုက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဘယ်လို ထိုးစစ်ဆင် တိုက်ခိုက်သွားမလဲဆိုတာတော့ အသေးစိတ် ရှင်းရှင်းလင်းလင်း မပြောပြနိုင်သေးပေမယ့် နောက်ပိုင်း ညွှန်ကြားသွားမယ်လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ရက်တွေတုန်းက အမေရိကန် တပ်ဖွဲ့ဝင်တစ်ဦး ဗုံးမှန်သေဆုံးခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အာဖဂန်နဲ့ ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးမှုကို ပယ်ဖျက်လိုက်ပြီးနောက် သမ္မတထရမ့်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်ကို နောက်တစ်ခါ တိုက်ခိုက်ဖို့ ကြိုတင်ကြံရွယ်နေသူတွေကိုလည်း သတိထားဖို့ ပြောကြားလိုက်ပါတယ်။ အဲဒီလို သာ ထပ်မံတိုက်ခိုက်ခဲ့မယ်ဆိုရင် သူတို့ဘယ်ပဲပြေးပြေး မိမိတို့က ထက်ကြပ်မကွာလိုက်ပြီး အမေရိကန်ဟာ အရင်က အသုံးမပြုခဲ့တဲ့ စွမ်းအင်တွေနဲ့ သူတို့ကိုတိုက်ခိုက်သွားမှာ ဖြစ်တယ်လို့လည်း အမေရိကန်သမ္မတ ထရမ့်က ပြောကြား ခဲ့ပါတယ်။

တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အယ်လ်ကိုင်ဒါ အကြမ်းဖက်သမားတွေဟာ အမေရိကန်၊ ဥရောပ၊ အစ္စရေးနဲ့ ရုရှားနိုင်ငံ တွေမှာ အကြမ်းဖက်မှုတွေ လုပ်မယ်ဆိုတဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပြီးနောက်မှာ အမေရိကန်အနေနဲ့ အခုလိုသတိပေး ပြောကြားထားတာလည်း ဖြစ်ပါတယ်။

အခမ်းအနားကျင်းပ
စက်တင်ဘာ ၇ ရက်က အမေရိကန်သမ္မတ ထရမ့်ဟာ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ တွစ်တာမှာ အာဖဂန်မှာရှိတဲ့ တာလီဘန် ခေါင်းဆောင်တွေနဲ့ တွေ့မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်ဟာ ၉/၁၁ အကြမ်း ဖက်တိုက်ခိုက်မှု (၁၈) နှစ်မြောက် နှစ်ပတ်လည်နဲ့ နီးလာတဲ့အခါမှာတော့ တချို့လူတွေကို စိတ်ဆိုးစေခဲ့ပါတယ်။

၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုမှာသေဆုံး သွားသူတွေရဲ့ ဆွေမျိုးတွေ၊ အသက်ရှင် ကျန်ရစ်သူတွေ၊ ရဲအရာရှိတွေ၊ မီးသတ်သမားတွေနဲ့ ရပ်ဖိရပ်ဖတွေဟာ (၁၈)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ စက်တင်ဘာ ၁၁ ရက်က ဂရောင်းဇီးရိုးမှာ ဝမ်းနည်းကြေကွဲ အောက်မေ့ဖွယ်အခမ်း အနားတစ်ရပ် ကျင်းပခဲ့ပါတယ်။ ဂရောင်းဇီးရိုးဟာ ပြန်ပေးဆွဲခံရတဲ့ ခရီးသည် လေယာဉ်နှစ်စင်းနဲ့ ဝင်တိုက်ခံရပြီး ပြိုကျခဲ့တဲ့ နယူးယောက်မြို့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာရဲ့ မြေအောက်ထပ် ဖြစ်ပါတယ်။

အမေရိကန်သူရဲကောင်းများ
အခမ်းအနား တက်ရောက်လာသူတွေဟာ တောင်နဲ့မြောက် မျှော်စင်ညီနောင်ကို လေယာဉ် ဝင်ရောက်တိုက်ခိုက်တဲ့ အချိန်ဖြစ်တဲ့ နံနက် ၈ နာရီ ၄၆ မိနစ်မှ ၉ နာရီ ၃ မိနစ်အထိ ငြိမ်သက်တိတ်ဆိတ်နေခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်းပြုလုပ်ခဲ့တဲ့ ပုံစံအတိုင်း ဆွေမျိုးတွေဟာ ၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုမှာ ကျဆုံးခဲ့သူတွေရဲ့ အမည်စာရင်း တွေကို ဖတ်ကြားခဲ့ပြီး တစ်ဦးချင်းစီရဲ့ အမှတ်တရလေးတွေကို အောက်မေ့ဖွယ် ပြန်ပြောနေတာဟာ လေးနာရီ လောက်တောင် ကြာခဲ့ပါတယ်။ ဒီမြင်ကွင်းဟာ မြင်ရတဲ့သူအပေါင်းကို စိတ်မကောင်းဖြစ်မိစေပါတယ်။

“ငါတို့မင်းကို ချစ်တယ်။ မင်းကိုသတိရတယ်။ မင်းဟာ အမေရိကန်ရဲ့ ထာဝရသူရဲကောင်းကြီးပါပဲ” လို့ အမျိုးသမီးကြီး တစ်ယောက်ရဲ့ ကြေကွဲဆို့နင့်ဖွယ်အသံ ထွက်ပေါ်လာခဲ့ပါတယ်။ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုမှာ သူဟာ သူ့ရဲ့အစ်ကိုနဲ့ ဆွေမျိုးတွေကို ဆုံးရှုံးခဲ့ရပါတယ်။ အခုလို ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုမှာ သေဆုံးခဲ့သူတွေကို လာရောက် ဂါရဝပြုတဲ့ သူတွေလည်း အများအပြားပါပဲ။

၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုမှာ ကျဆုံးခဲ့သူတွေရဲ့ ဆွေမျိုးတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေဟာ တစ်ယောက်ကို တစ်ယောက် နှစ်သိမ့် အားပေးမှုတွေ ပြုလုပ်နေကြတာဟာ မြင်ရသူ ဝမ်းနည်းဖွယ် မြင်ကွင်းပါပဲ။ တချို့ကလည်း သေဆုံးသူတွေရဲ့ ပုံတွေပါတဲ့ လက်ကိုင်ဆိုင်းဘုတ် လေးတွေကို စိတ်မကောင်းစွာဖြင့် ကိုင်ထားကြပါတယ်။ သို့သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဟာ အမေရိကန်ရဲ့ သူရဲကောင်းတွေပါပဲ။

ဆိုးကျိုးတွေခံစားနေရ
၉/၁၁ အကြမ်းဖက်တိုက်ခိုက်ခံရခြင်း (၁၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒရူးကိုမို၊ မြို့တော်ဝန် ဘီလ်ဒယ်လ်ဘလာစီရိုနဲ့ မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွန်းဘာ့ဂျ်နဲ့ ရူဒီဂူလီယာနီ တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မယ်လနီယာထရမ့်တို့လည်း ၉/၁၁ အကြမ်းဖက် တိုက်ခိုက်ခံရခြင်း (၁၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား တက်ရောက်လာတဲ့သူတွေကို အိမ်ဖြူတော်မှာ ကြိုဆိုခဲ့ပါတယ်။ ထို့အတူ သမ္မတထရမ့် ပင်တဂွန်မှာ မိန့်ခွန်းမပြောကြားခင် အခမ်းအနား တက်ရောက်လာသူတွေက ခဏတာ တိတ်ဆိတ်နေခဲ့ပါ တယ်။

အယ်လ်ကိုင်ဒါတွေဟာ လေယာဉ်လေးစင်းကို ပြန်ပေးဆွဲခဲ့ကာ တတိယပြန်ပေးဆွဲခံရတဲ့ လေယာဉ်နဲ့ ပင်တဂွန်ကို တိုက်ခိုက်ခဲ့ပြီး စတုတ္ထမြောက် ပြန်ပေးဆွဲခံရတဲ့ လေယာဉ်ကတော့ ပင်ဆယ်ဗေးနီးယားပြည်နယ် ရှန့်ဗီလီကွင်းထဲမှာ ပျက်ကျခဲ့ပါတယ်။

၉/၁၁ အကြမ်းဖက် တိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့တဲ့ လူတွေအပြင် အဲဒီကထွက်လာတဲ့ အခိုးအငွေ့တွေကို ရှူမိတဲ့သူတွေပါ အခုအချိန်ထိ ဆိုးကျိုးတွေကို ခံစားနေရလျက်ရှိပါတယ်။

ကတိပြုခဲ့ပြီ
လတ်တလော အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၄၀ဝဝ ကျန်ရှိနေပြီး ၂၀၁၀ ပြည့်နှစ်မှာတော့ အမေရိကန် တပ်ဖွဲ့ဝင်တွေ ၁၀ဝဝဝဝ အထိ မြင့်တက်ခဲ့ပါတယ်။ အလားတူ အာဖဂန်နစ္စတန်မှာ အမေရိကန် တပ်ဖွဲ့ဝင် ၂၄၀ဝ လောက် သေဆုံးခဲ့ပါတယ်။

အခုအခါမှာတော့ အမေရိကန်သမ္မတထရမ့်ဟာ အာဖဂန်စစ်ပွဲကို အဆုံးသတ်ပြီး ကျန်ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို အမိမြေပြန်ခေါ်ဖို့ ကတိပြုခဲ့ပြီ ဖြစ်ပါတယ်။ ၉/၁၁ အကြမ်းဖက် တိုက်ခိုက်ခံရခြင်း (၁၈)နှစ်မြောက် နှစ်ပတ်လည်နေ့ဟာ ဘာကို အမှတ်ရစေသလဲဆိုရင် အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ဘယ်သူ့ကိုမှ ကောင်းကျိုးမပြုသလို၊ အကြမ်းဖက်လုပ်တဲ့ သူတွေအတွက်လည်း ပြေးစရာမြေမရှိဘူးဆိုတာကို ပြသနေသလိုပါပဲ။    ။
ကိုးကား-အေအက်ဖ်ပီ