နွယ်နီလင်း

 

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှာ ဇန်နဝါရီ ၇ ရက်ကစပြီး ပြင်းထန်တဲ့တောမီးတွေ စတင်လောင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ လော့စ်အိန် ဂျလိစ်မြို့တစ်ဝန်း တောမီးလောင်မှုကို ထောင်နဲ့ချီတဲ့မီးသတ်သမားတွေက မီးငြှိမ်းသတ်လျက်ရှိတယ်။ မီးလောင်မှုကြောင့် သေဆုံးသူ ၁၆ ဦး အထိရှိပြီလို့ ဒေသတွင်းအာဏာပိုင်တွေက ဆိုတယ်။ အခုအချိန်အထိ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ ရဲတပ်ဖွဲ့ကဆိုတယ်။

 

ထို့ပြင် လူပေါင်းသုံးသိန်းကျော်ကိုလည်း ဘေးကင်းရာပြောင်းရွှေ့ဖို့ အမိန့် ပေးထားပါတယ်။ ဇန်နဝါရီ ၁၁ ရက်က စတင်လောင်ခဲ့တဲ့ တောမီးဟာ လေပြင်းတိုက်ခတ်မှုတွေကြောင့် လျင်မြန်စွ ကူးစက်လောင်ခဲ့တယ်။ တောမီးကြောင့် ၁၆၀ စတုရန်းကီလိုမီတာကျော် မီးလောင်ပျက်စီးခဲ့တယ်။ ဇန်နဝါရီ ၁၀ ရက်အထိ အဆောက်အအုံပေါင်း ၁၂၃၀၀ ကျော်လည်း မီးလောင်ပျက်စီးသွားခဲ့တယ်။ တောမီးကြောင့် ပျောက်ဆုံးနေသူတွေကို ရှာဖွေရန် လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့က အထူးရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ ဆိုတယ်။

 

မီးသတ်သမားတွေဟာ Palisades မီး၊ Eaton မီး၊ ဟောလိဝုဒ်တောင် ကုန်းမှာလောင်တဲ့ Sunset မီး၊ Sylmar မှာလောင်ရှိတဲ့ Hurst မီးဆိုပြီး အဓိက တောမီးတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ လူ ၁၁ ဦးဟာ Eaton မီးနဲ့ဆက်စပ်ပြီး သေဆုံးတာဖြစ်ပြီး ငါးဦးကတော့ Pali-sades ဒေသမီးဇုန်အတွင်း တွေ့ရှိပါ တယ်။

 

ဇန်နဝါရီ ၇ ရက် ညနေပိုင်းက လောင်ခဲ့တဲ့ လူသေဆုံးစေတဲ့ Eaton မီးဟာ Altadena ဧရိယာနဲ့ Pasadena မြို့အနီး ၁၄၁၁၇ ဧကကို လောင်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းအထိ မီးလောင်မှု ၁၅ ရာခိုင်နှုန်း ထိန်းချုပ် နိုင်ခဲ့ပါတယ်။

 

မီးဟာ မတ်စောက်ပြီး လက်လှမ်း မမီတဲ့မြေနဲ့ ခြောက်သွေ့တဲ့ သဘာဝ ပေါက်ပင်တွေရှိတဲ့ နေရာကို နေချင်း ညချင်းလောင်တယ်လို့ ကယ်လီဖိုးနီးယားသစ်တောနှင့် မီးဘေးကာကွယ်ရေးဌာနက ဆိုတယ်။ လော့စ်အိန်ဂျလိစ် ဒေသအတွင်းလောင်နေတဲ့ တောမီးဟာ ဒေသငါးခုထက်မနည်း ရှိတဲ့အနက် Palisades မီးဟာ မီးလောင်မှုအကြီးဆုံး ဖြစ်ပြီး ဧက ၂၂၆၆၀ ကို လောင်ခဲ့တယ်။ ယင်းဒေသမှာလောင်တဲ့ တောမီးဟာ ဇန်နဝါရီ ၇ ရက်ကစပြီး အဆောက်အအုံ ၅၃၀၀ ကျော်ကို ဖျက်ဆီးပစ်လိုက်ပြီး အခုအချိန်အထိ မီးလောင်မှု ၁၁ ရာခိုင်နှုန်းကို ထိန်းထားနိုင်ခဲ့တယ်။

 

 

အများပြည်သူ ဘေးကင်းရေးနဲ့ အဆောက်အအုံ ကာကွယ်ရေးတွေကို အဓိကထားပြီး မီးငြှိမ်းသတ်ရေးကြိုးပမ်း မှုတွေကို ဆက်လက်အာရုံစိုက် ပြုလုပ်နေတယ်။ ဇန်နဝါရီ ၁၁ ရက်အထိ မြောက်မှ အရှေ့မြောက်လေမှာ တဖြည်း ဖြည်းအားကောင်းလာပြီး ယင်းနေ့ညနေပိုင်းနဲ့ ညပိုင်းမှာ အင်အားအမြင့်မား ဆုံးဖြစ်တယ်လို့ ကယ်လီဖိုးနီးယား သစ်တောနှင့် မီးဘေးကာကွယ်ရေးဌာနက ဆိုတယ်။

 

အစောင့်တပ်ဖွဲ့ကို နှစ်ဆတိုးထား

မီးငြှိမ်းသတ်ရာတွင် အထောက်အကူဖြစ်စေဖို့ ကယ်လီဖိုးနီးယား အမျိုး သား အစောင့်တပ်ဖွဲ့ကို နှစ်ဆတိုးထား တယ်။ နောက်ပြီး လော့စ်အိန်ဂျလိစ် တောမီးကိုငြှိမ်းသတ်ရာမှာ အများပြည်သူဘေးကင်းရေးအတွက် ယင်း ဒေသအတွင်း ကယ်လီဖိုးနီးယားအမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၁၆၈၀ ကို တပ်ဖြန့်ထားတယ်လို့ ဇန်နဝါရီ ၁၁ ရက်က ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ် ရေးမှူး ဂါဗင်နယူဆမ်က ဆိုတယ်။

 

မကြုံစဖူး တောမီးလောင်မှုဖြစ်

ဒါဟာ အမေရိကန်ပြည်ထောင်စု၏ လူဦးရေအများဆုံးဖြစ်သည့် လော့စ်အိန် ဂျလိစ်မှာ မကြုံစဖူးကြီးမားတဲ့ တောမီးလောင်မှု ဖြစ်တယ်လို့ သိရပါတယ်။  အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား တောမီး လောင်မှုကြောင့် သမ္မတဂျိုးဘိုင်ဒင်ဟာ အီတလီနိုင်ငံသို့သွားမယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၈ ရက်ကဆိုသည်။

 

သဘာဝဘေးအန္တရာယ်အဖြစ် ကြေညာ

သမ္မတ ဘိုင်ဒင်က ကယ်လီဖိုးနီးယား တောမီးကို သဘာဝဘေးအန္တရာယ်အဖြစ် ကြေညာခဲ့ပြီး တောမီးကြောင့် ထိခိုက်ခံစားရသည့်ဒေသခံများကို ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေမှာ ကူညီပေးဖို့ ညွှန်ကြားထားပါတယ်။

 

ထောက်ပံ့ပေးမယ့် အကူအညီတွေ ထဲမှာ ယာယီအိမ်ရာနဲ့ အိမ်ပြုပြင်ခြင်းအတွက် ထောက်ပံ့ကြေးတွေ၊ အာမခံ မထားတဲ့ အိမ်ရာတွေအတွက် ဆုံးရှုံးမှုတွေ ကာမိစေဖို့ တန်ဖိုးနည်းချေးငွေနဲ့ တောမီးကြောင့် ထိခိုက်ခံစားရတဲ့ လူတစ်ဦးချင်းစီနဲ့ လုပ်ငန်းရှင်တွေအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီပေးရေး အစီအစဉ်တွေ ပါဝင် တယ်လို့ အိမ်ဖြူတော်က ဆိုတယ်။

 

ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆမ်က တောမီးလောင်မှုနဲ့ပတ်သက်ပြီး ပြည်နယ်အရေးပေါ် အခြေအနေတစ်ရပ်အဖြစ် ဇန်နဝါရီ ၇ ရက်က ကြေညာခဲ့ပါတယ်။

 

“အိမ်မီးလောင်မှု မဖြစ်ပွားမီ ခဏအကြာမှာ ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ပါတယ်၊ ကျွန်ုပ်တို့ အားလုံးဆုံးရှုံးသွား ပါပြီ” လို့ Altadena ဒေသက စာရင်းကိုင် မိုက်ကယ်က ဆိုတယ်။

ဇန်နဝါရီ ၇ ရက် ညပိုင်းက စတင်လောင်ခဲ့တဲ့ တောမီးဟာ ခရိုင်ရဲ့ပျက်စီးမှု အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ် ဖြစ်တယ်၊ တောမီးဟာအခုအချိန်အထိ အဆောက်အအုံများစွာကို ဖျက်ဆီးလိုက်တယ်လို့ လော့စ်အိန်ဂျလိစ် မီးသတ်အကြီးအကဲ ခရစ်စတင်ခရိုလီက ဆိုတယ်။

 

တောမီးကြောင့် စီးပွားရေးဆိုင်ရာဆုံးရှုံးမှုတန်ဖိုးဟာ ၂၀၁၈ ခုနှစ် ကယ်လီဖိုးနီးယားတောမီးကြောင့် ပျက်စီးဆုံးရှုံးမှုတွေထက် ပိုများနိုင်တယ်လို့ အစောပိုင်း ခန့်မှန်းချက်တွေကဆိုတယ်။ လော့စ်အိန်ဂျလိစ်ရဲ့ နေရာအနှံ့အပြားမှာ ပြင်းထန်တဲ့တောမီးက ဇန်နဝါရီ ၁၀ ရက်အထိ ဆက်လက်လောင်နေတဲ့အတွက် ကျောင်းတွေပိတ်ထားရခြင်း၊ ဖျော်ဖြေရေးနှင့် အားကစားပွဲတွေပယ်ဖျက်ခဲ့ရပါတယ်။

 

ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်ထမ်းတွေကို အန္တရာယ်ရှိတဲ့ လေထုအရည်အသွေးမှ ကာကွယ်၊ တားဆီးဖို့ အတွက် အမေရိကန်နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး ခရိုင်အစိုးရကျောင်းဖြစ်တဲ့ Los Angeles Unified School District ကျောင်းကို ဇန်နဝါရီ ၉ ရက်နဲ့ ၁၀ ရက် တွေမှာ ပိတ်ခဲ့ရပါတယ်။

 

“အထူးသဖြင့် အသက်ရှူ လမ်းကြောင်း အခြေအနေရှိတဲ့ ကလေးတွေအတွက် ကျောင်းကိုသွားတာဟာ အိမ်မှာ နေတာထက် ပိုပြီးအန္တရာယ်များတယ်” လို့ ကြီးကြပ်သူ အယ်လ်ဘာတို ကာဗယ်ဟိုက ဆိုတယ်။

 

အခုအခါ မီးသတ်သမားတွေဟာ မီးငြှိမ်းသတ်နိုင်ပြီဖြစ်သော်လည်း လေပြင်းတွေ ထပ်မံတိုက်ခတ်လာနိုင်တဲ့ အတွက် သတိထားကြရန် ဒေသခံတွေ ကို အာဏာပိုင်တွေက သတိပေးထားတယ်။

 

ကိုးကား-ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ