မလျော်ကန်သည့် ဆုံးဖြတ်ချက်ကို လက်မခံ

နေပြည်တော် ၉ စက်တင်ဘာ 

 

ကမ္ဘာပေါ်ရှိနိုင်ငံများသည် မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိအစိုးရ၊ မိမိတို့ပြဋ္ဌာန်းထားသော ဥပဒေများဖြင့် လွတ်လပ်စွာ ရပ်တည်နေကြသည့် အချုပ်အခြာအာဏာပိုင်သော နိုင်ငံများဖြစ်သည်။ လူ့သမိုင်းတစ်လျှောက်တွင် ကွဲပြားခြားနားသော လူမျိုးအသီးသီးတို့သည် မိမိတို့၏ လူမှုဘဝအခြေအနေနှင့်လျော်ညီစွာဖြင့် ဖွဲ့စည်းဖြစ်တည်နေသည်။ မိမိတို့၏စားဝတ်နေရေး၊ လူမှုဆက်ဆံရေးနှင့် ဖြစ်ပေါ်လာသောပြဿနာများကိုထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန် နိုင်ငံတော်အာဏာတည်းဟူသော စီမံအုပ်ချုပ်မှုဆိုင်ရာ အခွင့်အာဏာကိုပြဋ္ဌာန်းထားသည်။ ထိုအာဏာသည် လူ့အဖွဲ့အစည်းတိုင်း၏ မိမိတို့ကံကြမ္မာကို မိမိတို့ကိုယ်တိုင်ဖန်တီးနိုင်သော အာဏာဖြစ်သည်။

 

ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၃၉ နိုင်ငံရှိသည့်အနက် အင်အားကြီးသော နိုင်ငံအချို့က အင်အားငယ်သော နိုင်ငံများအပေါ် လက်နက်အားကိုးဖြင့် ပြောင်ပြောင်တင်းတင်း ဗိုလ်ကျစိုးမိုးသောကာလမဟုတ်တော့ချေ။ သို့ရာတွင် မျက်မှောက်ကာလ၌ ကမ္ဘာ့အဖွဲ့အစည်းများကို ကိုယ်စားပြု၍ လူ့အခွင့်အရေးကို အကြောင်းပြကာ နိုင်ငံငယ်များအပေါ် ဝင်ရောက် စွက်ဖက်နှောင့်ယှက်မှုများ ပြုလုပ်လာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် အင်အားနည်းသော မြန်မာနိုင်ငံအပေါ်အကြောင်းအမျိုးမျိုးရှာ၍ စွက်ဖက်မှုများ ပြုလုပ်လာသည်။

 

နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် မတူကွဲပြားခြားနားမှုတို့ကြောင့် ပြဿနာအကြီး၊အငယ်တို့ အနည်း၊အများ ရှိတတ်သည်။ ယင်းကိုအကြောင်းပြု၍ ယိုးမယ်ဖွဲ့ရမယ်ရှာကာ စွက်ဖက်နှောင့်ယှက်မှုများ ပြုလုပ်ခြင်းသည်မရိုးသားသောလုပ်ရပ်ဟု ဆိုနိုင်သည်။ အဆိုပါလုပ်ရပ်များသည် မြန်မာနိုင်ငံက အကောင်အထည်ဖော်နေသော ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖျက်ဆီးခြင်းသာမက နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးနှောင့်ယှက်ခြင်းပင် ဖြစ်သည်။

 

ယခုလက်ရှိ မြန်မာနိုင်ငံအပေါ် အရေးယူရန် စီရင်ဆုံးဖြတ်ကြိုးပမ်းအားထုတ်မှုသည် ဓမ္မဓိဋ္ဌာန်မကျဘဲ ကျိုးကြောင်းဆီလျော်မှုမရှိသော လုပ်ဆောင်မှုပင် ဖြစ်သည်။ ဖြစ်ပွားခဲ့သည့် မောင်တောဒေသ ပဋိပက္ခကို အကြောင်းပြု၍ လူ့အဖွဲ့အသိုက်အဝန်းတစ်ခုကို တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်ဟူသော အခြေအမြစ်မရှိသည့် စွပ်စွဲမှုများသည် အမှန်တရားနှင့်ဝေးကွာနေသည်။ အမှန်တကယ်တွင် ၎င်းတို့အား မည်သူကမျှမောင်းထုတ်ခဲ့ခြင်း မရှိချေ။ ARSA အကြမ်းဖက်သမားများစနက်ကြောင့် ထိုဒေသတွင် ပဋိပက္ခများဖြစ်ပွားခဲ့ရပြီး ကြိုတင်အကွက်ချထားသည့် အတိုင်း အပြစ်ရှိသူများရော မပြစ်မရှိသူများပါ ရောနှောလိုက်ပါပြီး၎င်းတို့၏ဆန္ဒဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်းသာဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် ပြဿနာအရင်းအမြစ် မည်သို့ပင်ရှိစေ စိတ်ရင်းမှန်စွာဖြင့် နေရပ်မှ စွန့်ခွာသွားသူများအား ပြန်လည်ခေါ်ယူရန် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ နှစ်နိုင်ငံ အကြား သဘောတူညီချက်ဖြင့် နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီးအကောင်အထည်ဖော်လျက်ရှိသည်။ လူ့အခွင့်အရေးချိုးဖောက်သည် ဟူသည့် စွပ်စွဲမှုများနှင့်ပတ်သက်၍ လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကိုဖွဲ့စည်းပြီး ဆောင်ရွက်ခွင့်ပေးခဲ့သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုရှိပါကလည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်မှုကို ဖန်တီးခဲ့ကြသူများသည် ARSA အကြမ်း ဖက်သမားများဖြစ်သည်ကို အကြိမ်ကြိမ်အသိပေးခဲ့ပြီး ဖြစ်သည်။ ယင်းဖြစ်စဉ်အမှန်ကို ကမ္ဘာပေါ်ရှိ နိုင်ငံအများကလည်း သိရှိနားလည် လက်ခံထားကြသည်။

 

သို့ဖြစ်ရာ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အထူးအလေးထား ဆောင်ရွက်နေချိန်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တရားစီရင်ပိုင်ခွင့် ကျင့်သုံးဖွယ်ရှိသည်ဟူသော ဆုံးဖြတ်ချက်ကို ကြားသိရသည်မှာ စိတ်မကောင်းဖွယ်၊ စိတ်ပျက်ဖွယ်ဖြစ်သည်။ ချွတ်ယွင်းချက်ရှိသော လုပ်ထုံးလုပ်နည်းနှင့် ဥပဒေကြောင်းအရ သံသယဖြစ်ဖွယ်ကောင်းသော မလျော်ကန်သည့် ထိုဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအနေဖြင့် ပြတ်ပြတ်သားသား ပယ်ချရမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ