မလေးရှားမှာ အသတ်ခံခဲ့ရတဲ့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့အစ်ကိုဟာ CIA သတင်းပေးဖြစ်တယ်လို့ ဝေါစထိ မှာရေးသားထား 

၁၁ ဇွန်

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ အဖေတူအမေကွဲ အစ်ကိုတော်စပ်သူ ကင်ဂျုံနန် ဟာ ၂၀၁၇ ခုနှစ်က မလေးရှားနိုင်ငံမှာ အသတ်ခံခဲ့ရပါတယ်။ အသတ်ခံခဲ့ရသူ ကင်ဂျုံနန်ဟာ အမေရိကန်ထောက်လှမ်းရေး CIA ရဲ့ သတင်းပေးတစ်ယောက်ဖြစ်တယ်လို့ အမေရိကန် အခြေစိုက်သတင်းဌာန တစ်ခုဖြစ်တဲ့ ဝေါစထိဂျာနယ် (Wall Street Journal) က ဒီကနေ့ ရေးသားလိုက်ပါတယ်။  အသတ်ခံရသူ ကင်ဂျုံနန်နဲ့ CIA မကြာခဏ တွေ့ဖူးကြောင်း၊ သူတို့ကြားမှာ အဆက်အသွယ်ရှိခဲ့ကြောင်း၊ ဆက်သွယ်မှု အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိကြောင်း ဂျာနယ်မှာ ရေးသားထားပါသေးတယ်။ 

 

mdn

 

ဖခင်ဖြစ်သူ ကင်ဂျုံအီရဲ့ အရိုက်အရာ ဆက်ခံနိုင်သူအဖြစ် ထွက်ပေါ်ခဲ့ဖူးသူ ကင်ဂျုံနန် ဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ VX အာရုံကြောအဆိပ်နဲ့ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ပါတယ်။ မလေးရှားခရီးစဉ်ဟာ ကင်ဂျုံနန်အတွက် CIA နဲ့ တွေ့ဆုံဖို့နဲ့ တခြားကိစ္စအတွက် လာရောက်တာဖြစ်တယ်လို့ ရေးသားထားပါတယ်။ 

 

ကင်ဂျုံနန် အသတ်ခံရမှုနဲ့ ပတ်သတ်ပြီး ဗီယက်နမ်နဲ့ အင်ဒိုနီယား အမျိုးသမီး ၂ ဦးကို လူသတ်မှုနဲ့ ဖမ်းဆီးတရားစွဲခဲ့ရာ ဒီနှစ်မတ်လပိုင်းမှာ သူတို့နှစ်ဦးလုံးကို လူသတ်မှုကနေ ကင်းလွှတ်ခွင့်ပေးပြီး လွှတ်ပေးခဲ့ပါတယ်။ 

 

ကင်ဂျုံနန်ဟာ ဖခင်ဖြစ်သူရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် တချိန်တခါက ထင်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ၂၀ဝ၁ ခုနှစ်မှာ ဂျပန်နိုင်ငံရှိ ဒစ်စနေလန်း (Disneyland) ကို အမျိုးသမီး ၂ ဦး နဲ့ လေးနှစ်အရွယ် ကလေးငယ်တစ်ဦးတို့အတူ နိုင်ငံကူးလက်မှတ်အတုနဲ့ သွားရောက်ခဲ့ရာ ဂျပန်အာဏာပိုင်တွေက ဖမ်းဆီးပြီး မူရင်းနိုင်ငံကို ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ 

 

mdn

 

အဲဒီအချိန်ကစပြီး တရုတ်နိုင်ငံတောင်ပိုင်းရှိ မကာအိုမှာ ကင်ဂျုံနန် နေထိုင်ခဲ့ပါတယ်။ သူဟာ ဂျပန်နဲ့ နိုင်ငံတကာ သတင်းဌာနတွေကို အကြောင်းအရာအမျိုးစုံပေါ်မှာ သူ့အမြင်ကိုပြောလေ့ရှိရာ မြောက်ကိုရီးယားရဲ့ အာဏာလွဲပြောင်းပေးမှုနဲ့ပတ်သတ်ပြီး ဆန့်ကျင်ကြောင်း ၂၀၁၁ ခုနှစ်က ဂျပန်သတင်းစာတစ်စောင်ကို ပြောဖူးပါတယ်။ 

 

MDN
ကိုးကား - AFP