မလေးရှား၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရန် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ

ကွာလာလမ်ပူ၊ ၁၂ ဇန်နဝါရီ

 

မလေးရှားဘုရင် ဆူလ်တန်အဗ္ဒူလာဆူလ်တန်အာမက်ရှသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရန်အတွက် အရေးပေါ်အခြေအနေတစ်ရပ်ကြေညာရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် မူဟစ်ဒင်ယာဆင်က ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားသည်။

 

အရေးပေါ်အခြေအနေကာလမှာ နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေအပေါ် မူတည်၍ ယခုနှစ် သြဂုတ် ၁ ရက်အထိ သို့မဟုတ် ထိုထက်စော၍ ကြာမြင့်ဖွယ်ရှိကြောင်း ဝန်ကြီးချုပ်မူဟစ်ဒင်က ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် မိန့်ခွန်းတစ်ရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

 

ထို့အပြင် မလေးရှားအမျိုးသားနန်းတော်သည်လည်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ အရေးပေါ်အခြေ အနေတစ်ရပ်အဖြစ် ဘုရင်က ခွင့်ပြုထားသည့် ကြေညာချက်တစ်ရပ်ကို ယနေ့ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

တစ်ချိန်တည်းမှာပင် ဘုရင်က နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန် ချမှတ်ထားသည့်အရေးပေါ် အခြေအနေနှင့် တင်းကျပ်သော အသွားအလာကန့်သတ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ရာတွင် တည်တည်ငြိမ်ငြိမ်နေထိုင်ကြရန် ပြည်သူများအား အကြံပြုလိုက်သည်။ မလေးရှားအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ပြင်းပြင်းထန်ထန် ထိခိုက်သွားသည့် ဒေသအစိတ်အပိုင်းများတွင် တင်းကျပ်သော အသွားအလာကန့်သတ်မှုများကို ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

 

ဝန်ကြီးချုပ်မူဟစ်ဒင်က နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရန် ဇန်နဝါရီ ၁၃ ရက်မှစ၍ သီတင်းပတ်နှစ်ပတ်ကြာ အသွားအလာကန့်သတ်မှု ပိုမိုတင်းကျပ်ရန် ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ အရေးပေါ်အခြေအနေကြေညာရန် မလေးရှားဘုရင်က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ တင်းကျပ်သောအစီအမံများ ချမှတ်ရမည့်နေရာနှင့် ဒေသများတွင် မြို့တော်ကွာလာလမ်ပူ၊ ပီနန်၊ ဆီလန်ဂေါ၊ မယ်လာကာ၊ ဂျိုဟောနှင့် နိုင်ငံ၏ မြောက်ဘက်ဘော်နီယိုကျွန်းပေါ်ရှိ ဆာဘ အစရှိသည့်ပြည်နယ်နှင့် ဒေသများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

ယင်း တင်းကျပ်သော အသွားအလာကန့်သတ်ချက်များအရ လူစုလူဝေးအပါအဝင် လူမှုရေးဆိုင်ရာပွဲတော် အားလုံးကို တားမြစ်ပိတ်ပင်ထားမည်ဖြစ်ပြီး ပြည်သူများကို အချင်းဝက်ကီလိုမီတာ ၁၀ အတွင်းသာ သွားလာလှုပ်ရှားခွင့်ရှိမည်ဖြစ်သလို စားသောက်ဆိုင်များတွင်လည်း ဝင်ထိုင်ပြီးစားသောက်ခွင့်ရှိမည်မဟုတ်ကြောင်း သိရသည်။

 

မလေးရှားနိုင်ငံသည် မကြာသေးမီသတင်းပတ်များမှစ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားလာမှုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့သလို ဆိုးရွားသော ရေကြီးရေလျှံမှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ပြည်သူထောင်နှင့်ချီ အိုးအိမ်စွန့်ခွာခဲ့ရကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၄၀၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် ၅၅၀ ကျော်သည် ထိုရောဂါကြောင့် သေဆုံးခဲ့ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ