မလေးရှားနိုင်ငံ ဂျိုဟောပြည်နယ်တွင် ဒုက္ခသည်လှေတစ်စင်း တိမ်းမှောက်၊ လူ ၁၀ ဦးထက်မနည်းသေဆုံး

ကွာလာလမ်ပူ ဒီဇင်ဘာ ၁၆

 

စာရွက်စာတမ်းမရှိသော ဒုက္ခသည်များကို တင်ဆောင်လာသော လှေတစ်စင်း မလေးရှားနိုင်ငံ ဂျိုဟောပြည်နယ်တွင် တိမ်းမှောက်ခဲ့ရာ လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မလေးရှားပင်လယ်ရေကြောင်း ထိန်းသိမ်းရေးအေဂျင်စီ (အမ်အမ်အီးအေ)က ဒီဇင်ဘာ ၁၅ ရက်က ဖော်ပြလိုက်သည်။

 

ကလေးငယ်များအပါအဝင် လူပေါင်း ၆၀ ခန့် လှေပေါ်တွင် ပါလာမည်ဟု ယူဆရကြောင်း၊ ၂၁ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁၀ ဦး သေဆုံးခဲ့ကြောင်း၊ ၂၉ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း ဂျိုဟောအမ် အမ်အီးအေ ညွှန်ကြားရေးမှူး ပထမ အဆင့် ပင်လယ်ရေကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး နူရူဟီဇမ်ဇာကာရီယာက ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

 

လှိုင်းကြီးလေထန် ဖြစ်နေချိန်တွင် ဒေသစံတော်ချိန် နံနက် ၄ နာရီခွဲခန့်က လှေတိမ်းမှောက်ကြောင်း ၎င်းကပြောသည်။

 

အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် ရေတပ်စစ်သင်္ဘောများနှင့် ဝေဟင် ရှာဖွေရေး အထောက်အကူပြု အဖွဲ့များဖြင့် ဖြန့်ကြက်ရှာဖွေလျက်ရှိသည်။

 

ဆင်ဟွာ