ကွာလာလမ်ပူ ဧပြီ ၁
အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်နေလင့်ကစား မလေးရှားနိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှုအရေအတွက်သည် ယခုနှစ် မတ် ၁ ရက်မှ ၂၆ ရက်အတွင်း ၂၈၃၅၇၂၄ ဦးရှိခဲ့ကြောင်း၊ ယမန်နှစ် အလားတူ ကာလကထက် ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းနှင့် လုပ်ငန်းများ ပုံမှန်လည်ပတ်နေကြောင်း ခရီးသွားနှင့် ယဉ်ကျေးမှုဆိုင်ရာဝန်ကြီး တိုင်ကင်ဆန်းက မတ် ၃၁ ရက်တွင် ပြောကြားသည်။
ဖြေရှင်းဆောင်ရွက်
နိုင်ငံအတွင်းသို့ အရှေ့တောင်အာရှဒေသမှ ခရီးသွား ၂၀၉၃၀၉၆ ဦးလာရောက်ခဲ့ရာတွင် အရှေ့အာရှ ဒေသမှ ခရီးသွား ၄၀၇၁၇၁ ဦး ပါဝင်ကြောင်း သိရသည်။ မလေးရှားနိုင်ငံသည် လက်ရှိအချိန်အထိ ခရီးသွားများအတွက် လုံခြုံစိတ်ချရသည့် ခရီးသွားနေရာတစ်ခုအဖြစ်ရပ်တည်နေပြီး နိုင်ငံ၏ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနအနေဖြင့်လည်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများနှင့်လက်တွဲ၍ လုပ်ငန်းပိုင်းဆိုင်ရာအခက်အခဲများကို ဖြေရှင်းဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။
ခရီးသွားလုပ်ငန်းအောင်မြင်စေရေးအတွက် ခရီးသွားလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ဝန်ကြီးဌာနအား တိကျသည့် သတင်းအချက်အလက်များပေးခြင်းဖြင့် ကူညီကြရန် ၎င်းက ပန်ကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


