မလေးရှားနိုင်ငံက အင်ဒိုနီးရှားနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရန် ဆောင်ရွက်လျက်ရှိ

 

 

ကွာလာလမ်ပူ၊ ဇန်နဝါရီ  ၉

 

မလေးရှားနိုင်ငံသည် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများအပါအဝင် နိုင်ငံ၏အဓိကကျသည့်  ကဏ္ဍများစွာတွင် အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရန်  ဆောင်ရွက်လျက်ရှိကြောင်း  မလေးရှား အရာရှိတစ်ဦးက ယမန်နေ့တွင် ပြောကြားသည်။

 

အဆိုပါ နယ်ပယ်များတွင် ဆေးဝါး၊ အာကာသယာဉ်၊ စားအုန်းဆီထုတ်လုပ်မှု၊ လူသုံးကုန်ပစ္စည်းများအပြင် ကာကွယ်ရေးနှင့် လုံခြုံရေးတို့ပါဝင်ကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီး Tengku Zafrul Tengku Abdul Aziz က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ မလေးရှားနှင့် အင်ဒိုနီးရှားကုမ္ပဏီများအကြား နားလည်မှုစာချွန်လွှာ ကိုးခု ချုပ်ဆိုမည်ဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရင်းဂစ် ၁ ဒသမ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၆၃ သန်း) ကျော် ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

 

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် အင်ဒိုနီးရှားနိုင်ငံသို့ ဇန်နဝါရီ ၈ ရက်မှ ၉ ရက်အထိ နှစ်ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။

 

အဆိုပါခရီးစဉ်သည် အန်ဝါအီဘရာဟင်အနေဖြင့်ရာထူးတာဝန်များကို ပြီးခဲ့သည့်နိုဝင်ဘာလမှ စတင်တာဝန်ယူ ပြီးနောက် ၎င်း၏ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး ကုန်သွယ်မှု အစီအစဉ်များကိုလည်း မြှင့်တင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

 

အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားနိုင်ငံသည် မလေးရှား၏ဒုတိယအကြီးဆုံး ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်ပြီး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တတိယအကြီးဆုံး အရင်းအမြစ်နိုင်ငံလည်း ဖြစ်သည်။

 

နှစ်နိုင်ငံအကြား စုစုပေါင်းကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်တွင် အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၄၅ ဒသမ ၅ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံကျော်ရှိပြီး ၂၀၂၁ ခုနှစ် အလားတူကာလထက် ၃၃ ရာခိုင်နှုန်းခန့် ပိုမိုများပြားကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်