မလေးရှားနိုင်ငံ၌ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ စတင်တွေ့ရှိ

ကွာလာလမ်ပူ ဒီဇင်ဘာ ၄

မလေးရှားနိုင်ငံ၌ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူကို စတင်တွေ့ရှိကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီး ခိုင်ရီဂျမာလူဒင်က ယနေ့ ပြောကြားသည်။

ကျောင်းသားတစ်ဦးဖြစ် အဆိုပါ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူသည် ကျောင်းတက်ရန်အတွက် တောင်အာဖရိကနိုင်ငံမှ မလေးရှားနိုင်ငံသို့ နိုဝင်ဘာ  ၁၉ ရက်ကတည်းက ရောက်ရှိလာခဲ့သော ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။ ၎င်းအား ကိုဗစ်-၁၉ ရောဂါသီးခြားစောင့်ကြည့်ရေးစင်တာ၌ လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက် ခံထားရသည်ကိုတွေ့ရှိရကြောင်း သိရသည်။

၎င်းကျောင်းသားနှင့် အနီးကပ်နေထိုင်ခဲ့သူများအား ကျန်းမာရေးစစ်ဆေးခဲ့ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိကြောင်း တွေ့ရှိရသည်။ မလေးရှားနိုင်ငံသည် လက်ရှိအချိန်တွင် အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများပြားသော အာဖရိကနိုင်ငံ ရှစ်နိုင်ငံမှ ခရီးသည်များကို ပြည်ဝင်ခွင့်ပိတ်ပင်ထားသည်။ သို့ရာတွင် မလေးရှားနှင့် စင်ကာပူနိုင်ငံအကြား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နှစ်နိုင်ငံအကြား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးသူများအတွက် ခရီးသွားစင်္ကြံအစီအစဉ်ကိုမူ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခိုင်ရီက ပြောကြားသည်။

စတင်တွေ့ရှိ တောင်အာဖရိကနိုင်ငံတွင် ပြီးခဲ့သော သီတင်းပတ်အတွင်းက အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် စတင်တွေ့ရှိကြောင်း သတိပေးချက်အားကမ္ဘာ့ကျန်းမာရေးအဖွဲ့က လက်ခံရရှိခဲ့သည်။ ထို့ပြင် ဩစတြေးလျ၊ ကနေဒါ၊ အစ္စရေးနှင့် ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတို့အပါအဝင် ဥရောပနိုင်ငံ အများအပြားတွင်လည်း လက်ရှိအချိန်တွင် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုများကို တွေ့ရှိရသည်။

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-စိုးသူရ