ကွာလာလမ်ပူ ဧပြီ ၆
မလေးရှားနိုင်ငံ၌ အပူချိန်မြင့်မားမှု၊ မီးလောင်မှုများနှင့် ဆည်ရေခန်းခြောက်မှုများကို ကာကွယ်ရေးအတွက် မိုးတိမ်များကို အားဖြည့်သည့် ရာသီဥတုဆိုင်ရာ နည်းပညာကို အသုံးပြုမည်ဖြစ်ကြောင်း သဘာဝအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး အာသာဂျိုးဇက်ကူရက်က ဧပြီ ၆ ရက်တွင် ပြောကြားသည်။
နိုင်ငံအတွင်း အပူချိန်မြင့်မားခြင်းကို ကာကွယ်ရေးအတွက် ဧပြီ ၆ ရက်မှ ၉ ရက်အထိ ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ ဒေသများတွင် နောက်သုံးရက်အတွင်း အပူချိန် ၃၇ ဒီဂရီဆဲလ်စီးယပ်ထက် ကျော်မည်ဟု ၎င်းက ပြောကြားသည်။
နိုင်ငံအတွင်း အပူချိန်မြင့်မားခြင်းကို ကာကွယ်ရေးအတွက် မိုးတိမ်များကို အားဖြည့်သည့် ရာသီဥတုဆိုင်ရာနည်းပညာကို အသုံးပြုမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် မလေးရှားနိုင်ငံ မိုးလေဝသဌာန၊ အမျိုးသားသဘာဝဘေးလျှော့ချရေး အေဂျင်စီနှင့် မလေးရှားနိုင်ငံ တော်ဝင်လေတပ်မတော် တို့က ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ ယခုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ နိုင်ငံအတွင်းရှိ ဆည်များတွင် ရေလုံလောက်စွာရရှိစေရေးနှင့် မီးလောင်မှုများမှ ကာကွယ်ရေးအတွက်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
နိုင်ငံသားများအနေဖြင့် ရေကို ချင့်ချိန်သုံးစွဲရေးနှင့် လေထုအရည်အသွေးထိန်းသိမ်းရေးအတွက် ဟင်းလင်းပြင်များတွင် မီးရှို့ခြင်းမှ ရှောင်ရှားရန် ၎င်းကညွှန်ကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


