မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၉၆၈ ဦး ထပ်မံတွေ့ရှိ

ဧပြီ ၂၁

 

မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၉၆၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၄၄၀၉၂၀၂ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါရောဂါ ထပ်မံကူးစက်ခံရသူများအနက် ၃၂ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၆၉၃၆ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၆ ဦး သေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၅၄၆၅ ဦး ရှိလာသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းသွားသူပေါင်း ၄၂၈၃၀၁၃ ဦး ရှိသည်။

နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားဆဲလူနာ ၉၀၇၂၄ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၉၇ ဦး ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် နိုင်ငံ့လူဦးရေ၏ ၈၄ ဒသမ ၇ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေး အနည်းဆုံး ပထမအကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ပြီး ၈၀ ဒသမ ၈ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီးဖြစ်သည်။ ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၄၉ ရာခိုင်နှုန်းရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို