မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၄၅ ဦး ထပ်မံတွေ့ရှိ

ကွာလာလမ်ပူ မေ ၃၀

 

မလေးရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၄၅ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ ရောဂါကူးစက် ခံရသူပေါင်း ၄၅၀၂၅၇၉ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

 

ရောဂါ ကူးစက်ခံရသူများအနက် တစ်ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများ ဖြစ်ပြီး ကျန် ၁၆၄၄ ဦးသည် ဒေသတွင်း ကူးစက်ခံရသူများဖြစ်သည်။ ။

 

ထို့ပြင် လွန်ခဲ့သော ၂၄ နာရီအတွင်း နှစ်ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၃၅၆၆၀ ရှိလာပြီဖြစ်သည်။ သို့သော် လူနာ ၁၈၀၉ ဦး ရောဂါမှ ပြန်လည်ကျန်းမာလာခဲ့သည့်အတွက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူပေါင်း ၄၄၄၁၇၀၁ ဦးရှိကြောင်း သိရသည်။

 

လက်ရှိတွင် ပိုးတွေ့ဆဲလူနာ ၂၅၂၁၈ ဦးရှိပြီး ယင်းတို့အနက် ၃၄ ဦးသည် ရောဂါပြင်းထန်စွာ ခံစားနေရပြီး ၁၇ ဦးသည် အသက်ရှူ အထောက်အကူပြုကိရိယာများ တပ်ဆင်ထားရသည်။

 

လက်ရှိအချိန်အထိ ပြည်သူ ၈၅ ဒသမ ၆ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပေးပြီးဖြစ်သည်။ ၈၂ ဒသမ ၈ ရာခိုင်နှုန်းသည် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံမှုခံယူပြီးဖြစ်ပြီး ၄၉ ဒသမ ၃ ရာခိုင်နှုန်းသည် ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်