မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၆၃ ဦး ထပ်မံတွေ့ရှိ

ဩဂုတ် ၉

မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၆၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၇၁၁၄၁၅ ဦး အထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၂၈၆၁ ဦး သည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး နှစ်ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုရောဂါကူးစက်ခံရမှုကြောင့် ခြောက်ဦးသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၃၆၀၃၂ ဦး ရှိလာသည်။ ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၆၃၁၅၀၈ ဦးရှိသည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၄၃၈၇၅ ဦး ရှိပြီး ၅၅ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို