မလေးရှားနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ဘေးလွတ်ရာရွှေ့ပြောင်းသူ ၅၀၀၀၀ ကျော်ရှိလာ

 

 

ကွာလာလမ်ပူ၊ မတ် ၇

 

မလေးရှားနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေးဦးထက်မနည်း သေဆုံးပြီး အခြားလူပေါင်း ၅၀၀၀၀  ကျော်  ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

 

ပြီးခဲ့သည့် သီတင်းပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေလျှံတက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ရေလွှမ်းနေသော လမ်းများ၊ ရေနစ်မြုပ်နေသော အိမ်များ၊ ကားများနှင့် အဆိုးရွားဆုံး ထိခိုက်ခံစားရသည့် ဂျိုဟာပြည်နယ်၌ ဈေးဆိုင်များ ပိတ်ထားမှုများကို လူမှုကွန်ရက်မီဒီယာပေါ်တွင် ပို့စ်များတင်ကာ ဖော်ပြ ထားသည်။

 

ရေကြီး ရေလျှံမှုကြောင့် စာသင်ကျောင်းများနှင့် လူထုအခြေပြုခန်းမများရှိ ကယ်ဆယ်ရေး စင်တာများ၌ လူပေါင်း သောင်းချီရှိကြောင်း သိရသည်။

 

မလေးရှားနိုင်ငံသည် နိုဝင်ဘာလမှစတင်ကာ နှစ်စဉ်မုတ်သုံရာသီတွင် ရေကြီးရေလျှံမှုများ ကြုံတွေ့ရလေ့ရှိကြောင်းနှင့် မိုးရွာသွန်းမှုမှာ ဧပြီလအထိ ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသ တာဝန်ရှိသူများက ပြောသည်။ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဗရာဟင်သည် မတ် ၆ ရက်က နိုင်ငံတောင်ပိုင်း ရေကြီးရေလျှံမှု အဆိုးရွားဆုံး ထိခိုက်ခံစားရသည့် ဂျိုဟာပြည်နယ်သို့ သွားရောက်ခဲ့ပြီး ရေပြန်ကျသွားသည့်အတွက် ရေကြီးရေလျှံမှုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြောသည်။

 

အနာဂတ်တွင် ရေကြီးရေလျှံ မှုကို နည်းနိုင်သမျှ နည်းစေရန်အတွက် အစိုးရအနေဖြင့် ဇွန်လ မှ စတင်ကာ အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော် တန်ဖိုးရှိ ရေကြီးရေလျှံမှု သက်သာလျော့ပါး ရေးစီမံကိန်းကို အရှိန်မြှင့် လုပ်ဆောင်သွားရန် ကတိပြုထားကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ